ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများဆိုင်ရာကော်မတီ၏ နှစ် ၃၀ ပြည့်အခမ်းအနားကို မေလ ၈ ရက်နေ့တွင် ကော်မတီအစည်းအဝေးနှင့်အတူကျင်းပခဲ့ရာ အတွင်းရေးမှူးအဖွဲ့က ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT) ၌ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက် ပါဝင်လာမှု သမိုင်းကြောင်းနှင့် သဘောတူညီချက် အကောင်ထည်ဖော်ရာတွင် ကော်မတီ၏ အခန်းကဏ္ဍတို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။
ကော်မတီသဘာပတိဟောင်းများကလည်း အတွေ့အကြုံများ၊ သဘောထားများကို ပြန်လည်တင်ပြကြပြီး နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အသိပေးအကြောင်းကြားစာပေါင်း ၂,၅၀၀ နီးပါး တင်ပြခဲ့ကြကြောင်း၊ ကော်မတီ၏ ပုံမှန် အစည်းအဝေးပေါင်း ၆၀ ကျင်းပခဲ့ပြီး မေးခွန်းပေါင်း ၃၅၀ ကျော်နှင့် သက်ဆိုင်ရာအဖြေများကို အပြန်အလှန် ဆောင်ရွက်ခဲ့ကြကြောင်း၊ ကုန်သွယ်မှုပြဿနာ စုစုပေါင်း ၁၇၆ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကော်မတီသည် ပွင့်လင်းမြင်သာမှုနှင့် သဘောတူညီချက်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အသိပေးအကြောင်းကြားစာများအတွက် လိုအပ်ချက်များ၊ အကြောင်းကြားမှုပုံစံများ အဆင့်မြှင့်တင်ရေး နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သွင်းကုန်လိုင်စင်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အများပြည်သူသိရှိနိုင်ရေး ဝက်ဘ်ဆိုက်၊ အွန်လိုင်းဖြင့် အသိပေးအကြောင်းကြားစာ တင်ပြနိုင်သည့် Portal နှင့် ဒေတာဘေ့စ်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း အတွင်းရေးမှူးအဖွဲ့က တင်ပြခဲ့ပါ သည်။
လက်ရှိကော်မတီသဘာပတိဖြစ်သူ ဂျမေကာနိုင်ငံ၊ ကိုယ်စားလှယ် Tyesha Turner က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်း ကျင်းပခဲ့သော ကော်မတီ၏ နောက်ဆုံးအစည်းအဝေးမှ လက်ရှိအချိန်ထိ အသိပေးအကြောင်းကြားစာ စုစုပေါင်း ၃၈ ခုကိုလက်ခံရရှိခဲ့ကြောင်းနှင့် ပြင်ဆင်လိုပါက ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်နိုင်ကြောင်း၊ သဘောတူညီချက်၏ ပုဒ်မ ၇.၃ အရ ပေးပို့ရမည့် နှစ်ပတ်လည် မေးခွန်းလွှာအပေါ် ဖြေကြားခဲ့သည့် နိုင်ငံ ၁၉ နိုင်ငံရှိကြောင်း၊ သို့သော် WTO အဖွဲ့ဝင် ၂၁ နိုင်ငံက နှစ်ပတ်လည်မေးခွန်းလွှာဖြေကြားရန် လိုအပ်သေးကြောင်း၊ အဖွဲ့ဝင် ၁၃ နိုင်ငံက မည်သည့် အကြောင်းကြားစာမျှ ပေးပို့ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်များအနေဖြင့် အသိပေးအကြောင်းကြားခြင်းဆိုင်ရာ တာဝန်ကို လိုက်ပါဆောင်ရွက်နိုင်ရန်နှင့် အတွင်းရေးမှူးအဖွဲ့ထံမှ လိုအပ်သည့် ကိစ္စရပ်များတွင် အကူအညီရယူရန် တိုက်တွန်းခဲ့ပါသည်။
ကုန်သွယ်မှု ပြဿနာများ
သွင်းကုန်လိုင်စင်စနစ်နှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ ကုန်သွယ်မှုပြဿနာ ၁၂ ခု ကို ကော်မတီက ညှိနှိုင်းဆောင်ရွက်နေရပါသည် -
-
အီဂျစ်သို့ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးထုတ်ကုန်များ တင်သွင်းနိုင်ရေး ဥရောပသမဂ္ဂမှ တင်ပြထားမှု၊
-
အထပ်သားနှင့် သစ်သားတံခါးများအတွက် အိန္ဒိယနိုင်ငံ၏ အရည်အသွေးထိန်းချုပ်မှုအပေါ် အင်ဒိုနီးရှား၏ တင်ပြထားမှု၊
-
လေဖြည့်ထားသော တာယာများ အိန္ဒိယသို့ တင်သွင်းရေး အင်ဒိုနီးရှား၊ တရုတ်တိုင်ပေနှင့် ထိုင်း တို့မှ တင်ပြလာမှု၊
-
အိန္ဒိယမှ တင်သွင်းသော သစ်သားမှထုတ်သည့် ချည်မျှင် (viscose staple fiber) နှင့် စပ်လျဉ်း၍ အင်ဒိုနီးရှား၏ တင်ပြလာမှု၊
-
ကိုယ်ပိုင်ကွန်ပျူတာများ၊ Tablet များနှင့် အခြားလျှပ်စစ်ပစ္စည်းများ အိန္ဒိယသို့ တင်သွင်း နိုင်ရေး ဂျပန်နိုင်ငံမှ တင်ပြလာမှု၊
-
အင်ဒိုနီးရှား၏ ကုန်စည်မျှခြေညီရေးယန္တရားကို ဥရောပသမဂ္ဂနှင့် ဂျပန်တို့က တင်ပြလာမှု၊
-
အင်ဒိုနီးရှားသို့ အထည်အလိပ်ထုတ်ကုန်အချို့ တင်သွင်းနိုင်ရေး ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံ တို့က တင်ပြလာမှု၊
-
အင်ဒိုနီးရှားသို့ သံမဏိတင်သွင်းပါက မဖြစ်မနေ မှတ်ပုံတင်ရသည့် လိုအပ်ချက်ကို ဂျပန်မှ တင်ပြလာမှု၊
-
အင်ဒိုနီးရှား၏ လေအေးပေးစက် တင်သွင်းမှုအား ကန့်သတ်ထားမှုကို ဂျပန်မှ တင်ပြလာမှု၊
-
အင်ဒိုနီးရှားသို့ လယ်ယာ၊ စားသောက်ကုန်နှင့် အချိုရည်များတင်သွင်းပါက မဖြစ်မနေ မှတ်ပုံတင်ရသည့် လိုအပ်ချက်ကို ဗြိတိန်မှတင်ပြလာမှု၊
-
မွန်ဂိုလီးယားသို့ အဖျော်ယမကာများ တင်သွင်းခွင့်အတွက် လိုအပ်ချက်အသစ်အပေါ် ဗြိတိန်မှ တင်ပြလာမှု၊
-
တူရကီသို့ စက်ဘီး/မော်တော်ဆိုင်ကယ်များ တင်သွင်းခွင့် ကန့်သတ်ချက်အားအိန္ဒိယမှ တင်ပြလာမှု၊
(စာကြွင်း။ သွင်းကုန်လိုင်စင်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းခြင်းမပြုမီ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ လျှောက်လွှာ သို့မဟုတ် အခြားစာရွက်စာတမ်းများ တင်ပြရသည့် အုပ်ချုပ်မှုလုပ်ငန်းစဉ်များဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်များသည် အလိုအလျောက်စနစ် သို့မဟုတ် အလိုအလျောက်မဟုတ်သောစနစ်လည်း ဖြစ်နိုင်ပါသည်။
သဘောတူညီချက်အရ သွင်းကုန်လိုင်စင်စနစ်များ ပွင့်လင်းမြင်သာစေရန်၊ ကြိုတင်ခန့်မှန်းနိုင်ရန်၊ မလိုလားအပ်သော ကုန်သွယ်မှုအတားအဆီးများမှ ကာကွယ်ရန်၊ ကုန်သည်များ နားလည်သဘောပေါက်စေပြီး လိုအပ်သည်ထက်ပိုသော အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများ၊ သတင်းအချက်အလက်များကို ထုတ်ပြန်ရန်လိုအပ်ပါသည်။)
ရင်းမြစ်။ https://www.wto.org/english
Source: https://commerce.gov.mm