ကမ္ဘာ့အရန်ဆန်သိုလှောင်မှု လက်ကျန်သည် စံချိန်တင် ပမာဏဖြင့် များပြားနေသည်။ အယ်လ်နီညို ရောက်လာပြီးနောက်တွင် အရန်ဆန်သိုလှောင်မှု လက်ကျန်သည် လုံလုံလောက်လောက် ဆက်ရှိနေသည်အထိ တောင့်ခံနိုင်မလားဟု စိုးရိမ်မကင်း ဖြစ်ကြသည်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှု ၉၀% နှင့် ကမ္ဘာ့စားသုံးမှု ၉၀% ရှိသော အာရှသည် များသောအားဖြင့် ပူပြင်းပြီးခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတုပုံစံကို ကြုံတွေ့ရမည် ဖြစ်သည်။
သမိုင်းကြောင်းတစ်လျှောက် အယ်လ်နီညိုနှစ်များအတွင်း စပါးအထွက်နှုန်း ကျဆင်းခဲ့သည်။ အမေရိကန်က အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အလယ်အလတ် အဆင့်ထက် လွန်ကဲနိုင်ခြေ မြင့်မားသည်ဟု ဆိုသည်။ ပြင်းထန်သည်နှင့်အမျှ စပါးအထွက် ပိုနည်းမည် ဖြစ်သည်။ “ဒီနှစ်မှာ ဆန်ဈေးကွက်က ရောင်းသူအသာစီးရတဲ့ ဈေးကွက် ဖြစ်လာမှာပါ" ဟု ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။ "ပြတ်လပ်တဲ့ အတိုင်းအတာအထိ မဟုတ်ပေမဲ့ ဆန်ထုတ်လုပ်မှုက ကျိန်းသေပေါက် ကျသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။
ကမ္ဘာ့ဆန်သိုလှောင်မှုသည် ယခုရာသီတွင် တန်ချိန် ၁၇၃ ဒသမ ၅ သန်းသို့ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားသည်။ ဆန်တင်သွင်းရသည့်နိုင်ငံများသည် သတိထားမိလာကြပြီး မကြာသေးမီလများအတွင်း ဝယ်ယူမှုများ တိုးမြှင့်လာကြသည်။ ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့ရောင်းချသည့် ဗီယက်နမ်သည် ၂၀၂၃ ပထမ ၄ လတွင် ယခင်နှစ်ထက် ဖိလစ်ပိုင်သို့ ၄၀%၊ တရုတ်သို့ ၇၀%၊ အင်ဒိုနီးရှားသို့ ၂,၅၀၀% ပိုမိုတင်ပို့ခဲ့ရသည်။ အဆိုပါကာလအတွင်း ထိုင်းဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ၁၈% ပိုမိုတင်ပို့ခဲ့သည်။
ကမ္ဘာ့အများဆုံး ဆန်တင်ပို့ရောင်းချသည့် အိန္ဒိယသည် အနောက်တောင် မုတ်သုန်အပေါ် အကြီးအကျယ် တည်မှီနေသည်။ မိုးရွာသွန်းမှုသည် ယခုနှစ်တွင် ပုံမှန်ဟု ခန့်မှန်းထား သည်။ သို့ဖြစ်ရာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို အထောက်အကူဖြစ်မည်။ သမိုင်းကြောင်းတစ်လျှောက် အယ်လ်နီညိုသည် အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှု နည်းပါးစေခဲ့သည်။ လယ်ယာထွက်ကုန်ကို ထိခိုက်စေသည်။ အခြေခံ စားသောက်ကုန်များ ဈေးတက်သည်။ ယခုနှစ်တွင် အယ်လ်နီညို ရောက်ရှိသော်လည်း စပါးရိတ်သိမ်းမှုမှာ မတ်ထရစ်တန် ၅၁၂ ဒသမ ၅ သန်းဖြင့် တည်ငြိမ်နေမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားသည်။
စိုက်ပျိုးရေးသုတေသနကုမ္ပဏီ The Rice Trader တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Jeremy Zwinger က "ယခုအခါ ဆန်ပြတ်လပ်တာ မရှိပါဘူး" ဟု ပြောကြားသည်။ ကမ္ဘာ့လက်ကျန်ဆန် လျော့ကျမည်ဟု ခန့်မှန်းပြီး စိုးရိမ်စိတ်ဖြင့် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။
Source: https://www.foodindustrydirectory.com.mm