Local News

နမ့်ပေါင်ဒေသထွက် ကမ္ဗလာသီးများပေါ်ဦးပေါ်ဖျားဈေးကောင်းရ

Last Updated:

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သစ်သီးဝလံဈေးကွက်သို့ နမ့်ပေါင်ဒေသမှထွက်ရှိသော ကမ္ဗလာသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိလျက်ရှိကြောင်း သိရသည်။

“အခုထွက်ရှိလာတဲ့ အသီးတွေကတော့ နမ့်ပေါင်ဒေသကထွက်ရှိလာတဲ့ ကမ္ဗလာသီးတွေပါ ဒီနှစ်ထွက်တဲ့ ကမ္ဗလာသီးဈေးကယခင်နှစ်ကထက် ဈေးရပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်တဲ့ပေါ်ဦးပေါ်ဖျား ကမ္ဗလာသီးဈေးက  အလုံးကြီးတစ်ပိဿာကို ငွေကျပ် ၁၂၀၀ နဲ့ အသေး တစ်ပိဿာကိုငွေကျပ် ၁၀၀၀ ဈေးရှိပါတယ်။ ဒီနှစ် ပေါ်ဦးပေါ်ဖျား ကမ္ဗလာသီးဈေးကတော့ အလုံးအကြီးတစ်ပိဿာကို ငွေကျပ်  ၁၃၀၀ နဲ့ အသေးတစ်ပိဿာကို  ငွေကျပ်  ၁၂၀၀  ဈေးရှိပါတယ်။ ကျွန်တော်တို့က အခင်းပြတ်စနစ်နဲ့ တစ်ခင်းလုံးက ထွက်တဲ့အသီးကို ပိဿာချိန်နဲ့ဝယ်ယူပြီး ပြန်ရောင်းတဲ့အခါမှာတော့ အလုံးအကြီး တစ်ပိဿာကို ငွေကျပ် ၁၆၀၀ နဲ့  အသေးတစ်ပိဿာကို  ငွေကျပ် ၁၅၀၀ နဲ့  ပြန်ရောင်းပါတယ်။  ကျွန်တော်တို့ ဆိုင်အနေနဲ့ကလည်း အခင်းအထိ သွားဝယ်ရတာဆိုတော့ အလုပ်သမားခနဲ့ သယ်ယူစရိတ်လည်း ရှိသေးတယ်။ ခုမှစပေါ်တာဆိုတော့ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ လောက်ရောင်းရပါတယ်။ လောလောဆယ် မြို့တွင်းကိုပဲ ဖြန့်ဖြူးရောင်းချပေးပါတယ်။ နယ်မြို့တွေကိုတော့ လှိုင်လှိုင်ထွက်မှပဲ ဖြန့်ဖြူးရောင်းချသွားမှာပါ။ အသီးက ခုမှစထွက်တာဆိုတော့ ဈေးကောင်းလည်းရတယ်။ ဝယ်ယူစားသုံးတဲ့သူလည်း များပါတယ်”ဟု  လားရှိုးမြို့ရှိ  ကိုအောင်သစ်သီးဝလံ အရောင်းဆိုင်ရှင်က ပြောသည်။

ဒေသခံတောင်သူများအနေဖြင့် နှစ်ရှည်သီးနှံများဖြစ်သည့် ကမ္ဗလာသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်၊ လိုက်ချီးသီး အစရှိသည့် သီးနှံများကိုစိုက်ပျိုးကြပြီး သီးနှံများထွက်ရှိချိန်တွင် ဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။      

Source: https://www.myawady.net.mm

Category: Local News