International News

အီးယူမှ တန်ပြန်ခွန်ကောက်ခံမည့် အမေရိကန်ကုန်စည်များစာရင်းကို ထုတ်ပြန်လိုက်ပြီး ထရမ့်၏ အကောက်ခွန်များအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အရေးယူဆောင်ရွက်လာမည့်အရေး ပြင်ဆင်

Last Updated:

အီးယူအနေဖြင့် အမေရိကန်နှင့် အကောက်ခွန်စစ်ပွဲအပေါ် အဖြေရှာမရပါက Boeing လေယာဉ် အပါအဝင် အမေရိကန်သွင်းကုန်အချို့အပေါ် တန်ပြန်အကောက်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်လအတွင်း ကမ္ဘာ့နိုင်ငံများအပေါ် ထရမ့်ချမှတ်ခဲ့သော အပြန်အလှန် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က အီးယူအနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးခြင်းမှ အဖြေရှာရန် အပြည့်အဝကတိပြုထားသော်လည်း ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်နေရကြောင်း ပြောကြားခဲ့ပါသည်။

ထရမ့်က အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများနှင့်အတူ အီးယူကုန်စည်များအပေါ် အကောက်ခွန် ၂၀ % ကို ဧပြီလအစောပိုင်းတွင် ချမှတ်ခဲ့သော်လည်း တစ်ပတ်အကြာတွင် စေ့စပ်ညှိနှိုင်းနိုင်ရန် ရက် ၉၀ ခေတ္တဆိုင်းငံ့ခဲ့ပါသည်။ သို့သော် အီးယူသွင်းကုန်အားလုံးအတွက် ၁၀ % အကောက်ခွန်ကမူ အကျုံးဝင်ဆဲ ဖြစ်ပါသည်။ ဥရောပကော်မရှင်က ထရမ့်ကြောင့် အီးယူမှနစ်နာနိုင်သည့် ယူရို ၂၀.၉ ဘီလီယံ တန်ဖိုးရှိ  အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အရေးယူမှုများ ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း စေ့စပ်ညှိနှိုင်းနိုင်ရန် ရက် ၉၀ ဆိုင်းငံ့ထားပါသည်။ အီးယူမှ အများပြည်သူသိရှိစေရန် ယူရို ၉၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်သွင်းကုန်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ စာရင်းတွင် ကုန်အမှတ်တံဆိပ်အမည်များထက် ကုန်စည်ကဏ္ဍများနှင့် ကျယ်ပြန့်သော အမျိုးအစားများကို ခွဲထားပြီး လေယာဉ်များမှာ ယူရို ၁၀.၅ ဘီလီယံခန့်၊ ယာဉ်အစိတ်အပိုင်းများမှာ ယူရို ၁၀.၃ ဘီလီယံခန့်နှင့် မော်တော်ယာဉ်များမှာ ယူရို ၂ ဘီလီယံခန့် ပါဝင်ပါသည်။ အမေရိကန်လေကြောင်းကုမ္ပဏီကြီး Boeing နှင့် ၎င်း၏ဥရောပပြိုင်ဘက် Airbus တို့သည် ခရီးသည်တင်နှင့် စစ်သုံးလေယာဉ်များအတွက် ကမ္ဘာ့စျေးကွက်များကို လွှမ်းမိုးထားကြပြီး ဥရောပလေကြောင်းလိုင်းများသည် Boeing ဖောက်သည်များဖြစ်ကြပါသည်။ ဥပမာ - ဂျာမန်လေကြောင်းလိုင်း Lufthansa က Boeing လေယာဉ် ၁၀၁ စင်းနှင့် အိုင်ယာလန်လေကြောင်းလိုင်း Ryanair က Boeing လေယာဉ် ၁၈၄ စင်း ဝယ်ယူလိုသော်လည်း အပြည့်အဝ မရရှိသေးပါ။ 

Boeing ကုမ္ပဏီက ဥရောပကော်မရှင်၏ ကြေညာချက်အပေါ် မှတ်ချက်မပြုထားသော်လည်း စီအီးအို တစ်ဦးက အမေရိကန် အထက်လွှတ်တော်နှင့် တွေ့ဆုံရာတွင် Boeing ခရီးသည်တင်လေယာဉ်များ၏ ၈၀ % သည် အမေရိကန် ပြင်ပရှိလေကြောင်းလိုင်းများနှင့် အခြားကုမ္ပဏီများထံသို့ ရောင်းချကြောင်း၊ ထို့ကြောင့် အဆိုပါဈေးကွက်များကို ဆက်လက်ရရှိနေရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အီးယူ၏ အဆိုပြုစာရင်းအရ ယူရို ၁.၃ ဘီလီယံ တန်ဖိုးရှိ အမေရိကန် ဝိုင်၊ ဘီယာနှင့် အရက်များ ထိခိုက်နိုင်ပြီး ဥရောပစပျစ်ဝိုင်ထုတ်လုပ်သူများကလည်း ထရမ့်၏ အပြန်အလှန်အခွန်စည်းကြပ်မှုကြောင့် ၎င်းတို့ကဏ္ဍအား ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ဥရောပကော်မရှင်က နောက်ထပ်အဆင့်များကို မဆုံးဖြတ်မီ စိတ်ပါဝင်စားသူများနှင့် ကုမ္ပဏီများအား ဇွန်လ ၁၀ ရက်နေ့အထိ အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး အမေရိကန်သို့ တင်ပို့နေသည့် ပြင်သစ်ဝိုင်နှင့် အရက်လုပ်ငန်းများအား အာမခံကြေးအကူအညီ ယူရို ၅ ဘီလီယံကို ထရမ့်၏ စည်းကြပ်ခွန် စတင်မည့် ဇူလိုင် ၈ ရက်နေ့အထိ ခွင့်ပြုခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ကော်မရှင်က နှစ်လအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ တရားဥပဒေအရ အရေးယူနိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ထရမ့်၏ ကမ္ဘာတစ်ဝန်း အပြန်အလှန်အကောက်ခွန်များ၊ ကားနှင့် ကားအပိုပစ္စည်းများအပေါ် အခွန်ကောက်ခံမှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံစည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထရမ့် တာဝန်ယူချိန်မှစ၍ ဇူလိုင်လလယ်အထိ အမေရိကန်သို့ အီးယူပို့ကုန်တန်ဖိုး ယူရို ၃၇၉ ဘီလီယံ ထိခိုက်ခဲ့ကြောင်း၊ ၎င်းတို့ကြောင့် လုပ်ငန်းစရိတ်များတက်ခြင်း၊ တိုးတက်မှု နှောင့်နှေးခြင်း၊ ငွေကြေးဖောင်းပွမှု အားပေးခြင်းနှင့် စီးပွားရေး မသေချာမရေရာမှု တိုးမြင့်လာခြင်းများဖြစ်ခဲ့ကြောင်း ဥရောပ ကော်မရှင်က ခန့်မှန်းထားသည်။ 

Source: အေပီသတင်းဌာန

Source: https://commerce.gov.mm

Category: International News