International News

အင်ဒိုနီးရှာနိုင်းငံ သတ္တုရိုင်း ၄ မျိုး ပို့ကုန်ခွန် တိုးမြှင့်

Last Updated:

     အင်ဒိုနီးရှားအစိုးရက သတ္တုတွင်းထွက် ကုန်ကြမ်းများ တင်ပို့ခြင်းထက် ပြည်တွင်းမှာ သတ္တုကုန်ချောများထုတ်ယူရန် တွန်းအားပေးသည့် ကြိုးပမ်းမှုအဖြစ်  သတ္တုရိုင်း ၄ မျိုး သတ္တုရိုင်းအသန့်များ၏ ပို့ကုန်ခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံသည်။ ပြဋ္ဌာန်းချက်အသစ်အရ ကြေးနီသတ္တုရိုင်းအသန့်များအတွက် ပို့ကုန်ခွန်နှုန်းထားသည် ၅% မှ ၁၀% အထိ မြင့်တက်သည်။

    အဆိုပါ အခွန်သည် သတ္တုတွင်းထွက် အရင်းအမြစ်များမှ တန်ဖိုးပိုမိုရရှိစေရန်အတွက်  ပြည်တွင်းမှာ သတ္တုအရည်ကြိုသန့်စင် စက်ရုံများ ထူထောင်လုပ်ကိုင်ဖို့ တွန်းအားပေးခြင်းဖြစ် သည်။ သတ္တုရိုင်းအဖြစ် ပြည်ပတင်ပို့ခြင်းအစား ကုန်ချောသတ္တု‌များ တင်ပို့ကြစေရန် ဖြစ်သည်။ ဇွန်လတွင် သတ္တုရိုင်း တင်ပို့ခြင်း ပိတ်ပင်ခဲ့သည်။ သို့သော် ပြည်တွင်းမှာ သတ္တုသန့်စင်စက်ရုံတည်ဆောက်မှု ၅၀% ကျော် ပြီးစီးသည့် ကုမ္ပဏီများကို ပို့ကုန်လိုင်စင်များ ထုတ်ပေးထားသည်။ ၎င်းတို့သည် ၂၀၂၄ နှစ်လယ်ပိုင်းအထိ ဆက်လက်တင်ပို့ နိုင်သည်။ သို့သော် တိုးမြှင့်ပြဋ္ဌာန်းသည့် အခွန်နှုန်းထားများ ပေးဆောင်ကြရမည် ဖြစ်သည်။ 
     ပို့ကုန်ခွန်သည် သတ္တုသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးမှုအပေါ်မူတည်ပြီး အနည်းအများ ကွာခြားသည်။ ပြီးစီးခါနီးလေ ပို့ကုန်ခွန် သက်သာလေ ဖြစ်သည်။ သတ္တုသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးမှု ၅၀% နှင့်အထက်နှင့် ၇၀% အောက်ဖြစ်သော ကြေးနီတူးဖော်ရေး ကုမ္ပဏီများသည် ပို့ကုန်ခွန် ၁၀% ပေးဆောင်ရမည်ဖြစ်သည်။ ၇၀%နှင့်အထက် ၉၀% အောက်တည်ဆောက်ပြီးစီးသူများသည် ပို့ကုန်ခွန် ၇.၅% ပေးဆောင်ရမည်။ ၉၀%အထက် တည်ဆောက်ပြီးစီးသူများသည် ပို့ကုန်ခွန် ၅% ပေးဆောင်ရမည်။

     သံ၊ ဇင့်နှင့် ခဲ သတ္တုရိုင်းအသန့်တို့သည် ပို့ကုန်ခွန် ၂.၅% မှ ၇.၅% အထိ တိုးမြှင့်ထားသည်။ ၎င်းပို့ကုန်ခွန်များသည်လည်း သတ္တုသန့်စင်စက်ရုံ ပြီးစီးမှုအပေါ် မူတည်ပြီး အနည်းအများ ကွာခြားသည်။ ယခုပြဋ္ဌာန်းသည့် ပိုကုန်ခွန် နှုန်းထားသစ်များသည် ၂၀၂၃ ဒီဇင်ဘာလအထိ သက်ရောက်သည်။ ၂၀၂၄ ဇန်နဝါရီလတွင် ထပ်မံတိုးမြှင့်ပြဋ္ဌာန်းမည်ဖြစ်ပြီး ၂၀၂၄ မေလ ၃၁ ရက်အထိ သက်ရောက်မည်။ ကြေးနီသတ္တုရိုင်းအသန့်အတွက် ပို့ကုန်အခွန်နှုန်းထားများသည် သန့်စင်စက်ရုံ ပြီးစီးမှုအပေါ်မူတည်၍ ၇.၅% မှ ၁၅% အထိ တိုးမည်။ သံ၊ ဇင့်နှင့် ခဲ သတ္တုရိုင်းအသန့်တို့သည် ၅% မှ ၁၀% အထိတိုးမည် ဖြစ်သည်။

Source: https://www.industrialdirectory.com.mm

Category: International News