Local News

ပြည်ခရိုင်ရှိ သီဟိုဠ်နှင့် လျှော်ဖြူဈေးကွက်

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ သီဟိုဠ်ပင်နှင့် လျှော်ဖြူပင်များကို စိုက်ပျိုးထားရှိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် လျှော်ဖြူပင်များမှ လျှော်ဖြူအစေးများကို ထုတ်ယူလျက်ရှိပါသည်။ သီဟိုဠ်စေ့နှင့် လျှော်ဖြူစေးများကို ပြည်တွင်း၌သာ အသုံးပြုရန်မဟုတ်ဘဲ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်အတွက်လည်း Export တန်းဝင် အသီးအနှံများတိုးချဲ့စိုက်ပျိုးရန်ဖြစ်ပါသည်။

သီဟိုဠ်

သီဟိုဠ်ပင်၏ မူရင်းဒေသမှာ တောင်အမေရိက၊ ဘရာဇီးနိုင်ငံမြောက်ပိုင်းမှစတင်၍ အိန္ဒိယနိုင်ငံမှတစ်ဆင့် အာရှတိုက်အတွင်း၊ ဗီယက်နန်နိုင်ငံမှတစ်ဆင့် အာဖရိကနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလာခဲ့ကြပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တွင်လည်း စိုက်ပျိုးကြသည့်အပြင် ရွှေတောင်မြို့နယ်တွင်လည်း စိုက်ပျိုးကြပါသည်။ သီဟိုဠ်ပင်ကို မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်(၄၀)ခန့်ဝင်ဆံ့ကြောင်းသိရပါသည်။ သီဟိုဠ်စေ့ကို မြန်မာနိုင်ငံတွင် လူအများအပြားစားသုံးကြပြီး ပြည်ဈေးကွက်၌ သီဟိုဠ်အစေ့အဆန်များကို မုန့်ဖုတ်ခြင်း၊ အစားသောက်ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုခြင်းနှင့် လှော်၍ရောင်းချခြင်းများပြုလုပ်ကြပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်ထွက်ရှိသော သီဟိုဠ်စေ့များကို ကုန်ကြမ်း(အစို)အတိုင်းသာရောင်းချလျက်ရှိပါသည်။ ယခင်နှစ်တွင် ကုန်ကြမ်းအစိုတစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရန်ကုန်သို့ ရက်ခြားတင်ပို့နိုင်သော်လည်း ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် အဖူးများ၊ အသီးများကြွေကျ၍ အထွက်နှုန်းများကျဆင်းလာပြီး ကုန်ကြမ်းအစိုတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ပွဲစားများက လာရောက်ဝယ်ယူကာ ရန်ကုန်၊ ထောက်ကြံသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသော သီဟိုဠ်စေ့များသည် မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေသည့်အတွက် ပြည်ပဈေးကွက်ရှိသော သီးနှံဖြစ်သောကြောင့် ဈေးကောင်းရရှိရေးအတွက် အထွက်နှုန်းကောင်း/ အရည်အသွေးကောင်းသောမျိုးများကိုရွေးချယ်၍ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်းနှင့် နည်းပညာအသစ်များဖြင့် စိုက်ပျိုးနိုင်လျှင် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိလာနိုင်မည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

လျှော်ဖြူ

ပြည်ခရိုင်၌ လျှော်ဖြူကို ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စိုက်ပျိုးထားရှိပါသည်။ လျှော်ဖြူ (ခေါ်) ဆေးကုလားမသည် ၂၀၁၉ ခုနှစ်၊ ကိုဗစ်ရောဂါမဖြစ်ပွားမီကာလအထိ ဈေးကွက်တွင် ဈေးနှုန်းအလွန်ကောင်းမွန်လာခဲ့ပြီး ကြာဇံအမျှင်တစ်ပိဿာလျှင် ၁၂၀၀၀၀ ကျပ်၊ ရေခဲသားတစ်ပိဿာလျှင် ၈၅၀၀၀ ကျပ်နှင့် ပုံမှန်အစတစ်ပိဿာလျှင် ၆၅၀၀၀ ကျပ်ဈေးနှုန်းတို့ရှိခဲ့ပါသည်။ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်ပဝယ်လက်လမ်းကြောင်းမရှိတော့သလောက်နည်းပါးသွားပြီး ဈေးကွက်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ခန့်အထိ ဈေးနှုန်းကျဆင်းသွားခဲ့ပါသည်။ ယခုနှစ်၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လျှော်ဖြူစိုက်ဧက (၇၃၀) ဧကစိုက်ပျိုးထားရှိပြီး လျှော်ဖြူစေးများကိုလည်း စတင်ထုတ်ယူနေကြောင်းသိရပါသည်။ လျှော်ဖြူစေးထုတ်ယူရာတွင် ကြာဇံစေးနှင့် ရိုးရိုးလျှော်ဖြူစေးဟူ၍ (၂)မျိုးရှိရာ ကြာဇံစေးလျှော်ဖြူမှာ တစ်ပိဿာလျှင် (၁၀၀၀၀၀) ကျပ်ရှိပြီး ရိုးရိုးလျှော်ဖြူစေးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဈေးနှုန်းသာရှိကြောင်းသိရပါသည်။ ရိုးရိုးအစေးကို ပင်စည်မှထုတ်ယူရရှိ၍ အထွက်နှုန်းကောင်းပြီး ကြာဇံအစေးကို အပင်၏ကိုင်းမှထုတ်ယူရရှိသဖြင့် အထွက်နှုန်းနည်းကြောင်းသိရပါသည်။ လျှော်ဖြူပင်မှ လျှော်ဖြူစေးကို မိုးရာသီနှင့် ဆောင်းရာသီကာလများ၌ အဓိကထုတ်လုပ်၍ တစ်နှစ်ပတ်လုံးတွင် အစေးထုတ်ချိန်(၈)လခန့်ရှိကြောင်းသိရှိရပါသည်။ အစေးခြစ်ရာတွင် လူတစ်ဦးလျှင် တစ်နေ့ (၂၅) ပင်သာခြစ်နိုင်ပြီး အလုပ်သမားခ (၁) သောင်းကျပ်ပေးချေရကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် လျှော်ဖြူကို ဧကများစွာစိုက်ပျိုးကြပြီး ယခုအချိန်တွင် အပင် (၅၀၀) ကိုစမ်းသပ်၍ အစေးထုတ်ယူနေပြီး ကြာဇံအစေးမှာ ဈေးကောင်းရ၍ စမ်းသပ်ထုတ်ယူနေကြောင်းသိရပါသည်။ အစေးအထွက်နှုန်းအနေဖြင့် အကိုင်းအကြီး/ အသေးပေါ်မူတည်၍ ထွက်ရှိကြောင်းသိရပါသည်။ ထုတ်ယူရရှိသောအစေးများကို မန္တလေးမြို့သို့တင်ပို့ရောင်းချကြပြီး နယ်ဝယ်များကလည်း လာရောက်ဝယ်ယူကြပါသည်။

ပြည်ခရိုင်အနေဖြင့် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ပို့ကုန်များကို ထပ်မံတိုးချဲ့၍ စိုက်ပျိုးထုတ်လုပ်သွားလျှင် ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News