Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အုန်းသီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အုန်းသီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်အေးစုလှိုင်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၃၁၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်နေ့ထိ တစ်လတာကာလအတွင်း အုန်းသီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်အုန်းသီးများကို ဝယ်ယူပြီး အခွံပါ၊ အခွံမပါနှင့် အနုသီးစသည့်ပုံစံဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဒေသထွက်အုန်းသီးတွေကို ရန်ကုန်မြို့ကိုပဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အုန်းသီးအလုံးရေ ၅၇၀၀၀၀ ထိတင်ပို့ရောင်းချခဲ့ရပါတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ပါ အဝယ်လိုက်နေတာကြောင့် တင်ပို့အားတက်နေတာပါ။ ရန်ကုန်ကနေတစ်ဆင့် ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချပါတယ်” ဟု ဖျာပုံမြို့နယ် အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အေးစုလှိုင်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ထွက်ရှိသည့်အုန်းသီးများကို ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း၊ လက်ရှိတွင် အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၆၂၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသထွက်အုန်းသီးများ တင်ပို့အားကောင်းလာခြင်း၊ ဝယ်ယူအားကောင်းလာခြင်း‌ကြောင့် အုန်းစိုက်ပျိုးရေးတောင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကားအဌားလိုက်သူများ အလုပ်အကိုင် အဆင်ပြေနေကြောင်း ဒေါ်အေးစုလှိုင်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News