Local News

ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများ မန္တလေးဈေးကွက်သို့အဖွင့် ဈေး ကောင်းဖြင့်ဝင်ရောက်လာ

Last Updated:

          ရှမ်းပြည်နယ်မှထုတ်လုပ်သည့် ဝဥကြာဆံခြောက်များ ပြည်တွင်းဈေးကွက်၌  တွင်ကျယ်စွာအရောင်းသွက်နေကြောင်း   ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၏   ဇွန်   ၁၉   ရက်   သတင်းများအရ သိရသည်။ ရှမ်းပြည်နယ်တွင် ဝဥကိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေပြီး ပြည်ပသို့တင်ပို့ရောင်းချ ပေးလျက်ရှိကြောင်း၊ ဝဥများကို ပြည်ပသို့ တင်ပို့ရာတွင် ဝဥခြောက်၊ ဝဥမှုန့်များ ပြုလုပ်တင်ပို့ ရောင်းချပေးနေခြင်းဖြစ်ပြီး ယခုအခါ ရှမ်းပြည်နယ်ဒေသထွက်ဝဥများကို အဆင့်မြင့် စားသောက်ကုန်အဖြစ် ဝဥကြာဆံခြောက်များ ပြုလုပ်ရောင်းချလာခဲ့ကြကြောင်း သိရသည်။

          အဆိုပါ ဝဥကြာဆံများကို ရှမ်းပြည်နယ်ဒေသတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ဝဥကြာဆံသည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့ အပါအဝင် အာရှနိုင်ငံအများစု၌ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းများတွင် လူကြိုက် များပြီး Zero Noodle (သုညခေါက်ဆွဲ) အမည်ဖြင့် နာမည်ကျော်ကြားနေသည့် အစားအစာ တစ်ခုဖြစ်ကြောင်း သိရသည်။

          ဝဥကြာဆံသည် အဆီဓာတ်၊ သကြားဓာတ်များ မပါရှိသောကြောင့် ကိုယ်တွင်းအချို ဓာတ်များလျော့ကျစေပြီး ဝမ်းချုပ်သူများ၊ သွေးတိုး၊ ဆီးချိုရှိသူများ၊ ကိုယ်အလေးချိန် ထိန်းလို သူများအတွက် အထူးသင့်လျော့သော ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးခဲ့ကြကြောင်း၊ ထို့ပြင် ဝဥကြာဆံကို မိမိတို့နှစ်သက်ရာ အသား၊ အသီးအရွက်များဖြင့် ကြော်စားခြင်း၊ ပြုတ်စားခြင်း၊ သုတ်စားခြင်းများ ပြုလုပ်နိုင်ပြီး ခေါက်ဆွဲကြော်ကဲ့သို့ ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။

          ထို့ကြောင့် ဒေသတွင်း စားသုံးသူမြင့်တက်လာကာ အရောင်းအဝယ်သွက်လာခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ထိ တင်ပို့ရောင်းချပေးနေကြောင်း သိရသည်။

          လက်ရှိ ရှမ်းပြည်နယ်ဒေသတွင်း ဈေးကွက်များတွင် ဝဥကြာဆံရိုးရိုးတစ်ခွေလျှင် ငွေကျပ် ၅၀၀ မှ ၇၀၀ ထိလည်းကောင်း၊ ဝဥကြာဆံ (မာလာအရသာ)၊ (အစပ်အရသာ)များဖြင့် ထုတ်လုပ်သောအသင့်စားခေါက်ဆွဲထုပ်၊ ဘူးများကို ထုပ်ပိုးမှုအရွယ်အစားအလိုက် တစ်ထုပ်၊ တစ်ဘူးလျှင် ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ထိလည်းကောင်း အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News