Local News

ပြည်တွင်းစားသုံးမှုတိုးလာခြင်းကြောင့် ထောပတ်သီး ဈေးနှုန်းများ မြင့်တက်

Last Updated:

ပြည်တွင်းဈေးကွက်တွင် ထောက်ပတ်သီး စားသုံးမှုတိုးလာခြင်းကြောင့် ဝယ်လိုအားတိုးတက်လာပြီး ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးတင်ပို့ ထုတ်လုပ်ရောင်းချသူများအသင်း MAVO မှသိရသည်။ ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်တွင်းစားသုံးမှုသည် အရင်နှစ်ထက် ၂ ဆမြင့်တက်ကာ ထောပတ်သီး တန်ချိန် ၃၀၀ နီးပါးအထိ ဖြုန်းအားရှိလာနိုင်ကြောင်း အသင်းမှခန့်မှန်းထားသည်။ ပြည်တွင်းထောပတ်သီး ဈေးကွက်တွင် Hass အမျိုးအစား ထောပတ်သီး တစ်ကီလိုကို ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးကောင်း ရရှိနေခြင်းဖြစ်ဟု သိရသည်။ 

"ဈေးကွက်အခြေအနေကတော့ ပြည်တွင်းမှာပေါက်ဈေးက တစ်ကီလိုကို ၄၀၀၀ ကနေ ၇၀၀၀ ကြားရှိပါတယ်၊ Hass မျိုးပေါ့၊ ပြည်တွင်းမှာတော့ ဝယ်လိုအားလည်းကောင်းနေပါတယ်။ ပြည်တွင်းမှာမနှစ်က တန် ၁၀၀ရှိ တယ် ခုနှစ်မှာတော့ ကြော်ငြာအားလည်းကောင်းလာတယ် ပြည်တွင်းကလည်းကျွန်တာ်တို့အရည်အသွေးကို လက်ခံလာတယ်ဆိုတော့ တန် ၂၀၀ နဲ့ ၃၀၀ ကြားလို့မှန်းထားပါတယ်" MAVO မှ အတွင်းရေးမှူး ဦးကျော်စိုးမင်းမှ ပြောသည်။ ပြီးခဲ့သည့် ထောပတ်သီးရာသီအသတွင် ထောပတ်သီးကြမ်းခင်းဈေးသည် တစ်ကီလိုကို ၂၅၀၀ ကျပ်ဖြင့်သာ ဈေးတန်းစဖွင့်ခဲ့သဖြင့် ယခုနှစ်သည် ဈေးကောင်းရသည့်နှစ်ဖြစ်ကြောင်းသိရသည်။ 

ပြည်တွင်းဈေးကွက်တွင် ထောပတ်သီးကို သစ်သီးဖျော်ရည်အဖြစ်သာ အဓိက စားသုံးကြပြီး အခြားသောထုတ်ကုန်အဖြစ်အဖြစ် သုံးစွဲမှု နည်းပါးနေသေးကြောင်းသိရသည်။ ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထောပတ်သီးအနှစ်၊ ထောပတ်သီး အဆီ၊ အလှကုန်နှင့် ဆေးဝါးများထုတ်လုပ်ရန် ကုန်ကြမ်းစသည့် တန်ဖိုးမြင့် ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်နိုင်ပါက ယခုထက်ပိုပြီး ဈေးကွက်တွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။ 

"တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ချင်တာပေါ့၊ ထုတ်နိုင်ရင် ကျွန်တော်တို့တောင်သူတွေအတွက်လည်း ဈေးကွက်ခိုင်မာမှုပိုကောင်းတာပေါ့။ အဲ့လိုထုတ်ဖို့ နည်းပညာပိုင်း၊ ထိန်းသိမ်းမှု၊ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းဈေးကွက် အကုန်လိုအပ်ပါတယ်။ ထုတ်တယ်ကွ ရော့ဆိုပြီး လုပ်လို့မရဘူးလေ " ဟု ထောပတ်သီး စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည် ။ 

မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး မျိုးရွေးချယ်သည့်အခါ မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော ထောပတ်သီး မျိုးသစ်များတင်သွင်းခြင်း၊ ဒေသကိုက်ညီမှုသုတေသနများဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ်လက်မှတ်များရယူခြင်း၊ တန်ဖိုးမြင့် ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။ 

ပြည်တွင်း၌ ထောပတ်သီး အထွက်နှုန်းကောင်းသော်လည်း အရည်အသွေးကောင်းမွန်သည့် အသီးနည်းပါးသောကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ မျိုးစပ်ဖြစ်သည့် Hass အမျိုးအစားထောပတ်သီးကို တင်သွင်း၍ စိုက်ပျိုးနေခြင်းဖြစ်ကြောင်းသိရသည်။ ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ခူးဆွတ်ရပြီး ထောပတ်ပင်များသည် စတင်စိုက်ပြီး ၃ နှစ်အကြာမှသာ အသီးသီးကာ နှစ်ရှည်သီးနှံပင်ဖြစ်ဟု သိရသည်။ 

ထောပတ်သီးကို ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကါပူနိုင်ငံတို့ကို အဓိကတင်ပို့နေုခြင်းဖြစ်ပြီး Export ရာ သီသည် ဒီဇင်ဘာလမှစတင်မည်ဖြစ်ကြောင်းသိရသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင် ဦးလွင်) တို့မှာ အများဆုံး စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် တောင်ကြီး၊ ဟို ရွာငံ၊ ပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာလည်ကောင်း စိုက်ပျိုးကြကြောင်းသိရသည်။ 

Source: https://t.me/htwettoe

Category: Local News