Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် ခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် ခုံး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် သဘာဝအတိုင်းဖမ်းယူရရှိသည့် ခုံးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ခုံးပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ခုံး ပိဿာချန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ခုံးများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုကောင်းနေကြောင်း သိရသည်။

“ဒေသက ထွက်ရှိတဲ့ ခုံးတွေဝယ်ယူမှုကောင်းနေပါတယ်။ ပြည်တွင်းဈေးကွက်မှာကို ဝယ်ယူမှုကောင်းနေတာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ခုံးတွေ အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ အရင်လတွေကထက် ကုန်ချိန်တွေလဲ ပိုမိုတင်ပို့ရောင်းချခဲ့ရတယ်။ ဒေသထွက် ခုံးတွေကို လပွတ္တာမြို့ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်ချတာဖြစ်ပါတယ်။ အခုအရောင်းအဝယ်တွေ ပုံမှန်ထက် ပိုမိုအရောင်းသွက်လည်ပတ်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ ပြန်ပြီးအလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်များအပြင် ခုံးများကို ‌ရေလုပ်သားများထံမှ ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News