ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူအားကောင်းလျက်ရှိကြောင်း သိရသည်။ “ ဘိုကလေးမြို့နယ်ကနေ ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချပါတယ်။ ဘိုကလေးမြို့နယ်ကနေ ဆန်ကွဲအိတ်တွေကို ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်းချတာ များပါတယ်။ ဘိုကလေးမြို့နယ်က ထွက်ရှိတဲ့ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်က မတ်လပထမပတ်မှစပြီး ဝယ်ယူမှုများပြားခဲ့ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ်တင်ပို့ရောင်းချနေပါတယ်။ အခုလို အခက်အခက်မရှိ အဆင်ပြေပြေတင်ပို့ရောင်းချနေရလို့ ကုန်သည်တွေအဆင်ပြေပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့်ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်ကွဲများ တင်ပို့မှုများပြားကာ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များ၊ ဆန်စပါးရောင်းဝယ်ရေး ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ