International News

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ကျင်းပမည့် လေးကြိမ်မြောက်နိုင်ငံတကာအထည်ချုပ်ပြပွဲတွင် မြန်မာအထည်ချုပ်လုပ်ငန်းရှင်ဦးရေ ၂၀ ပါဝင်ပြသမည်

Last Updated:

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ကျင်းပမည့် လေးကြိမ်မြောက် နိုင်ငံတကာအထည်ချုပ်ပြပွဲတွင် မြန်မာအထည်ချုပ် လုပ်ငန်းရှင်ဦးရေ ၂၀ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင် ဒေါ်ခိုင်ဇာခြည်ဝင်းထံမှ သိရသည်။

အဆိုပါ လေးကြိမ်မြောက်နိုင်ငံတကာ အထည်ချုပ်ပြပွဲကို ယခုနှစ် ဇူလိုင် ၃ ရက်မှ ၅ ရက်ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းရှင် ဦးရေ ၂၀ က ကိုယ်ပိုင်ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသည့် အထည်များကို သွားရောက်ပြသမည် ဖြစ်ကြောင်း သိရသည်။

 ပြင်သစ်မှာ အထည်ချုပ်ပြပွဲကို နှစ်စဉ် နှစ်ကြိမ်ပြုလုပ်လေ့ရှိတယ်။ မြန်မာအထည်ချုပ် အသင်းအနေနဲ့ ပထမဆုံး ၂၀၁၇ ခုနှစ်မှာ သွားရောက်ပြသခဲ့တယ်။ ၂၀၁၉ ခုနှစ်ရောက်တော့ ကိုယ်ထုတ်လုပ်တဲ့ အထည်တွေကို Cat Walk တွေ လုပ်ပြနိုင်တဲ့ထိ တိုးတက်လာတယ်။ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေကို ကမ္ဘာကပိုသိလာတယ်။ ပြခန်းငါးခန်းပြမှာဖြစ်ပြီး အသင်းအနေနဲ့ တစ်ခန်း၊ စက်ရုံပိုင်ရှင်တွေအနေနဲ့ လေးခန်းပြသသွားမှာပါ” ဟု ဗဟိုအလုပ်မှု ဆောင် ဒေါ်ခိုင်ဇာခြည်ဝင်းက ပြောပြသည်။

မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ နိုင်ငံတကာအထည်ချုပ်ပြပွဲတွင် ပုံမှန်မဟုတ်သည့် ချုပ်ထည်ဒီဇိုင်းများ၊ ခက်ခဲသည့် ချုပ်ထည်ဒီဇိုင်းများကို ‌သေသပ်လှပ ကျွမ်းကျင်စွာ ချုပ်လုပ်နိုင်ကြောင်း နိုင်ငံတကာအထည်လုပ်ငန်းရှင်များကို ပြသမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် တရုတ်နိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပြီး တရုတ်(တိုင်ပေ)၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့ ကလည်း ရင်းနှီးမြှုပ်နှံဆောင်ရွက် လျက်ရှိကြောင်း၊ CMP လက်ခစား ချုပ်ပြီးအထည်များကို ထိုင်း၊ တရုတ်၊ စင်ကာပူနှင့်ဥရောပနိုင်ငံတို့သို့ တင်ပို့ လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: International News