International News

ကမ္ဘောဒီးယားနိုင်ငံမှ ယူ‌အေအီးနိုင်ငံသို့ ပထမအကြိမ် ဆန်တင်ပို့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံရှိ ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ONE ROAD Group သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဆန်တန်ချိန် ၆၀၀၀၀ ကို ပထမဆုံးအကြိမ် အဖြစ် တင်ပို့မှုစတင်သည့် အခမ်းအနားကို ၁၂-၁-၂၀၂၄ ရက်၊ သောကြာနေ့၌ ဖနွမ်းပင်မြို့တွင် ကျင်းပလျက် ကမ္ဘောဒီးယားဆန်အတွက် ဈေးကွက်အသစ်တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယူအေအီးထံမှ ဒေါ်လာ ၅၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၆၀၀၀၀ ကို ဝယ်ယူမည့် အမှာစာလက်ခံရရှိခဲ့ခြင်းသည် ဆန်တင်ပို့ရောင်းချသည့်ကုမ္ပဏီ၏ အောင်မြင်မှုပင်ဖြစ်ကြောင်း၊ ယခု ဆန်တင်ပို့မှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအစပြုတင်ပို့မှုသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် စျေးကွက်သစ်များ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက်လည်း အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖြင့် ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လ၌ ကမ္ဘောဒီးယားနှင့် ယူအေအီး နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အဆိုပါတင်ပို့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Lun Yeng က ယူအေအီး ဈေးကွက်သို့ ဆန်တရားဝင် တင်ပို့နိုင်မှုကို ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ယူအေအီးဈေးကွက်သို့ ဆန်တစ်ကြိမ် တင်ပို့ခဲ့သော်လည်း ပမာဏအနည်းငယ်မျှသာဖြစ်ကြောင်း၊ ယခု ONE ROAD Group က ဆန်တန်ချိန်အမြောက်အမြားကို တင်ပို့ရန် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ဆန်တန်ချိန် ၅၀၀ ကို တင်ပို့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံပေါင်း ၆၁ နိုင်ငံသို့ စုစုပေါင်း ဆန်တန်ချိန် ၆၅၆၃၂၃ တန်ကို တင်ပို့ခဲ့ပြီး ယခင်နှစ်တင်ပို့မှုထက် ၃% တိုးတက်လာကြောင်း၊ တန်ဖိုးအားဖြင့်   ဒေါ်လာ ၄၆၆ သန်း ရရှိခဲ့ပြီး ယခင်နှစ်တင်ပို့ခဲ့မှုအပေါ် ၁၃% တိုးတက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းတင်ပို့ရန် ရည်မှန်းထားပြီး တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံတို့သည် အဓိကစျေးကွက်များဖြစ်ကြောင်း သိရပါသည်။

ဝန်ကြီး Ms. Nimul က ကမ္ဘောဒီးယားဆန်အတွက် စျေးကွက်အသစ်များ ရရှိနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးရန်နှင့် ဈေးကွက်မြှင့်တင်ရန်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ယူအေအီးနိုင်ငံ Abu Dhabi ၌ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှု ဆွေးနွေးပွဲဖိုရမ်ကို ပူးတွဲကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် အမှာစာများ ပိုမိုရရှိလျက် တိုးမြှင့်တင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာစင်မြင့်ထက်တွင် ကမ္ဘောဒီးယားဆန်၏ ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times, 15 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News