International News

ရိုဘတ်စတာကော်ဖီ ဈေးကောင်းရရန် မျှော်လင့်လျက် အိန္ဒိယတောင်သူများ သိုလှောင်ထား

Last Updated:

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ရိုဘတ်စတာကော်ဖီ၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ကော်ဖီစိုက်ပျိုးသည့် တောင်သူများက ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချခြင်းမပြုပဲ သိုလှောင် ထိန်းသိမ်းထားသဖြင့် အိန္ဒိယပြည်တွင်းဈေးကွက်၌ ကော်ဖီစေ့များ ဝယ်ယူရရှိရန်ခက်ခဲလျက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စာချုပ်များအတိုင်း ပြည့်မီစွာတင်ပို့နိုင်ရေး ရုန်းကန်ဆောင်ရွက်နေရကြောင်း သိရှိရသည်။ အိန္ဒိယပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်မှုရှိသည့် ပြုပြင်ခြင်းမပြုရသေးသော ခူးဆွတ်ပြီး ရိုဘတ်စတာ ချယ်ရီသီးများ၏ ဈေးနှုန်းသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ဧပြီလ ပထမရက်သတ္တပတ် အစောပိုင်းတွင် ရူပီး‌ငွေ ၈၅၀၀ - ၈၉၅၀ နှုန်းထားရှိရာမှ ယခုအခါ ရူပီး‌ ငွေ ၉၂၀၀ - ၉၆၅၀ နှုန်းသို့ မြင့်တက်လာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ လဆန်းပိုင်း၌ ရိုဘတ်စတာ ချယ်ရီသီး၏ ဈေးနှုန်းသည် ၁ အိတ်လျှင် ၆၈၀၀ ရူပီးမှ ၆၉၅၀ ရူပီးအတွင်းသာ ရှိခဲ့သည်။ ပြုပြင်သန့်စင်ပြီး အခွံမာ (parchment) ပါရှိသည့် ရိုဘတ်စတာကော်ဖီစေ့၏ ဈေးနှုန်းများ မှာမူ ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ဇန်နဝါရီလဆန်းပိုင်း၌ ရူပီး‌ ၁၀၈၀၀ - ၁၁၀၀၀ နှုန်းနှင့် ဧပြီလ ပထမပတ် အစောပိုင်းတွင် ရူပီး‌ ၁၄၀၀၀ - ၁၄၅၀၀ နှုန်းရှိရာမှ ၄-၄-၂၀၂၄ နေ့၌ ရူပီး‌ ၁၄၈၀၀ - ၁၅၅၀၀ နှုန်းထားသို့ မြင့်တက်ခဲ့သည်။ အိန္ဒိယ ကော်ဖီပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Ramesh Rajah က ဈေးကွက်အတွင်း ကော်ဖီစေ့ရရှိနိုင်မှုမှာ လွန်စွာနည်းပါးလျက်ရှိပြီး စာချုပ်များအတိုင်း ပြည့်မီအောင်တင်ပို့ရန် ကြိုးပမ်းလျက်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအပေါ် ဖိအားများ ကြီးမားစွာသက်ရောက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကုန်အဝယ်အမှာစာများ ရရှိမှုမှာလည်း လျင်မြန်စွာ လျော့ပါးလာပြီး ဝယ်လက်များအနေဖြင့် အခြားသောအရင်းအမြစ်ဒေသများသို့ ပြောင်းလဲ ရှာဖွေလာကြကြောင်းဖြင့် ပြောကြားခဲ့သည်။ ရိုဘတ်စတာကော်ဖီဈေးနှုန်းများ မြင့်တက်လာမှုအရ ၂၀၂၄ ခုနှစ် မတ်လ၌ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁.၂၆ ဘီလီယံကျော်ရရှိပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။ ကာနာတကာပြည်နယ်၊ Chikkamagaluru မြို့ အခြေစိုက် ကော်ဖီစေ့ အခြောက်လှန်း သန့်စင်သည့် လုပ်ငန်းဖြစ်သော Sargod Curing Works မှ လုပ်ငန်းရှင် Pratheek Sargod က ရိုဘတ်စတာကော်ဖီစေ့ ပြတ်လပ်မှုအရ ပို့ကုန်ဝယ်လိုအားဖြစ်ပေါ်လျက်ရှိကြောင်း၊ ကော်ဖီစေ့များ ရရှိနိုင်မှုမှာ အမှန်ပင် ကျပ်တည်းလျက်ရှိပြီး စိုက်ပျိုးသူများသည် ဈေးနှုန်းများကို အခြေခံ၍ ရိုဘတ်စတာကော်ဖီများကို အနည်းငယ်မျှသာ ရောင်းချမှုရှိကြောင်း ပြောဆိုခဲ့သည်။ ထိပ်တန်းကော်ဖီထုတ်လုပ်သည့် နိုင်ငံဖြစ်သော ဗီယက်နမ်မှ ကော်ဖီရောင်းလိုအား ပြတ်လပ်မှုကြောင့် ကမ္ဘာ့ရိုဘတ်စတာကော်ဖီဈေးနှုန်းများ မြင့်တက်မှုနှင့် လိုက်ပါ၍ အိန္ဒိယကော်ဖီ ဈေးနှုန်းများသည်လည်း ပြောင်းလဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ၌ ရာသီဥတု ပူပြင်းခြောက်သွေ့မှုနှင့် ကြုံတွေ့ရနိုင်သော စိုးရိမ်ဖွယ်အခြေအနေကလည်း ကော်ဖီဈေးနှုန်းများ မြင့်တက်လာစေသည့် အချက်အဖြစ်ပါဝင်လျက်ရှိသည်။ လက်ရှိကာလ၌ ရိုဘတ်စတာကော်ဖီဈေးကွက်၏ အခြေခံများမှာ အားကောင်းလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကုန်စည်များကို ရောင်းချမှုမပြုပဲ ၎င်းတို့လက်ဝယ်၌ ကိုင်ဆောင်ထားခြင်းက ဈေးကွက်အတွင်း ကော်ဖီစေ့များ ရရှိလွယ်မှုအတွက် ပြဿနာတစ်ရပ်ဖြစ်ပေါ်လျက်ရှိကြောင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် ကော်ဖီကုန်ချော ထုတ်လုပ်သူများသို့ ကော်ဖီစေ့ပေးသွင်းခြင်း လုပ်ကိုင်သည့် Agrani Coffee and Commodities မှ Praveen Kumar Kolimarla က ပြောကြားခဲ့သည်။

Source: The Hindu Business Line, 4 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News