တရုတ်နိုင်ငံ၌ ပြောင်းသီးနှံအစား ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးရန် အစိုးရက ဆွဲဆောင် တွန်းအားပေးလျက်ရှိသော်လည်း ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့်အတိုင်း ၂၀၂၄ ခုနှစ်၌လည်း ဆက် လက်၍ စံချိန်တင်တိုးတက်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ အမေရိကန် စိုက်ပျိုးရေးသံမှူး၏ ဧပြီလ ပထမပတ်၌ ခန့်မှန်း ချက်အရ ၂၀၂၄-၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းသီးနှံထုတ်လုပ်မှုမှာ စိုက်ပျိုးသည့်ဧရိယာ တိုးချဲ့မှုနှင့် အထွက်နှုန်းကောင်းမွန်မှုကြောင့် ၂.၄% ခန့် တိုးတက်လျက် မက်ထရစ်တန် ၂၉၆ သန်း အထိ စံချိန်တင် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါပမာဏသည် ၄ နှစ်ဆက်တိုက် စံချိန်တင် တိုးတက်မှုဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်၌ တရုတ်နိုင်ငံ၏ ပြောင်းထုတ်လုပ်မှုမှာ တန်ချိန် ၂၆၁ သန်း ခန့်သာရှိခဲ့သည်။
စားနပ်ရိက္ခာဖူလုံရေးသည် တရုတ်နိုင်ငံအတွက် အဓိကအလေးထားရမည့်ကိစ္စရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး သွင်းကုန်အပေါ် အမှီပြုနေရမှုအား လျှော့ချရေးသည် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ ၂၀၂၃-၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုမှာ ပြည်တွင်းစားသုံးမှုပမာဏ၏ ၈% ခန့်ရှိပြီး ပဲပုပ်တင်သွင်းမှုမှာမူ ၈၇% အထိရှိသဖြင့် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း ပြောင်းသီးနှံထက် ပဲပုပ်စိုက်ပျိုးမှုအတွက် လယ်သမားများသို့ အမတော်ကြေးများထောက်ပံ့မှုကို တိုးမြှင့်ပေးခဲ့သည်။
မကြာသေးမီကာလအတွင်း ပြောင်းသီးနှံ၏ အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာခြင်း၊ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသည့် သီးနှံမျိုးစေ့များကို အသုံးပြုစိုက်ပျိုးလာနိုင်ခြင်းတို့ကြောင့် ပဲပုပ်စိုက်ပျိုးမှုထက် ပြောင်းသီးနှံစိုက်ပျိုးမှုမှ အမြတ်အစွန်းပိုမိုရရှိရန် တရုတ်လယ်သမားများက မျှော်လင့်လျက်ရှိကြသည်။ တရုတ်နိုင်ငံ၏ ၂၀၂၄-၂၅ ခုနှစ် ပြောင်းသီးနှံ စိုက်ပျိုးမှုဧရိယာတွင် မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့သုံးစွဲမှုမှာ ၁.၅% ခန့်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန က ခန့်မှန်းထားပြီး ရှေ့လာမည့် ၂ နှစ်အတွင်း ၁၅% အထိ တိုးတက်လာနိုင်ခြေရှိသည်။
လွန်ခဲ့သော ၄ နှစ်အတွင်း ပြောင်းသီးနှံထွက်ရှိမှု တိုးတက်မြင့်မားလာခဲ့သော်လည်း ပြည်ပမှ တင်သွင်းနေရမှုကို တဖြည်းဖြည်းလျှော့ချရန်အတွက် တရုတ်နိုင်ငံ၌ ပြောင်းသီးနှံမည်မျှ တိုးချဲ့ စိုက်ပျိုးရမည်ဆိုသည်မှာ ရှင်းလင်းမှုမရှိသေးကြောင်း၊ ဘေဂျင်းရှိ အမေရိကန် စိုက်ပျိုးရေးသံမှူး၏ ခန့်မှန်းချက်အရမူ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တင်သွင်းမှုပမာဏ တန်ချိန် ၂၃ သန်းအောက် လျော့ကျလျက် ၂၀၂၄-၂၅ ခုနှစ်တွင် ပြောင်းတန်ချိန် သန်း ၂၀ ခန့်သာ တင်သွင်းဖွယ်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသို့ အစေ့ထုတ်ပြောင်း အဓိကပေးသွင်းလျက်ရှိသည့် ဘရာဇီးနိုင်ငံတွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခုနှစ်ထက် ၂၀၂၄-၂၅ ခုနှစ်၌ ၆% မြင့်တက်လျက် ပုံမှန်အထွက်နှုန်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ဘရာဇီးနိုင်ငံအခြေစိုက် အမေရိကန် စိုက်ပျိုးရေးသံမှူးက အစီရင်ခံတင်ပြထားသည်။ သို့သော် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ စိုက်ပျိုးမှုနည်းပါးပြီး စိုက်ဧရိယာ အများစုမှာ စိုက်ပျိုးထားရှိဆဲဖြစ်ရာ ဘရာဇီးဈေးကွက်တွင် ပြောင်းဈေးနှုန်းမြင့်မားမှုရှိပြီး ပြိုင်ဖက် ပို့ကုန် နိုင်ငံများအတွက် မျက်နှာသာပေးသည့် အခြေအနေရှိသည်။
အမေရိကန် သန်းခေါင်စာရင်းဗျူရို (Census Bureau) ၏ ၄-၄-၂၀၂၄ နေ့ ထုတ်ပြန်သော စာရင်းများအရ အမေရိကန်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပြောင်းတင်ပို့မှုမှာ တန်ချိန် ၅.၃၇ သန်းဖြင့် ၉ လမြောက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် ယခင်နှစ်ကာလတူထက် ၆၄% တိုးတက်ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်တာ ပျမ်းမျှတင်ပို့မှု၏ အထက်တွင်ရှိကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံ၌ မတ်လမှ မေလအထိ ကာလသည် ပြောင်းတင်ပို့မှု အများဆုံးကာလဖြစ်သည်။ အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ မတ်လ ၂၈ ရက်နေ့၌ ကုန်ဆုံး သော ရက်သတ္တပတ်အတွင်း ပြောင်းတင်ပို့မှုမှာ တန်ချိန် ၁.၆၄ သန်းဖြင့် ဈေးကွက်တင်ရောင်း ဝယ်ရေးနှစ် ၁ နှစ်အတွင်း တစ်ပတ်တာ အများဆုံးပမာဏဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ဖေဖော်ဝါရီလ၌ အမေရိကန်မှ ပြောင်းတင်ပို့သည့် ဈေးကွက်များတွင် တရုတ်နိုင်ငံ ပါဝင်ခဲ့ခြင်းမရှိပဲ မတ်လအတွင်း၌ သင်္ဘောပို့မှု ၂ ကြိမ်သာရှိကြောင်း၊ မတ်လ ၂၈ ရက်နေ့ရှိ စာရင်းအရ ၂၀၂၃-၂၄ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ်ယူထားသည့် အမေရိကန်ပြောင်း ၁၅၇၁၀၀ တန်သာ သင်္ဘောတင်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ၎င်းနေ့ရက်အတွက် ၇ နှစ်တာကာလအတွင်း အနိမ့်ကျဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၄-၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းသီးနှံ အထွက်ပမာဏ တိုးတက်လာနိုင်မှုနှင့် ဘရာဇီးနိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည့် အလားအလာရှိမှုတို့အရ အမေရိကန်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ပြောင်းသီးနှံပို့ကုန်မှာ လျော့ကျနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Source: Reuters, 4 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm