ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကျားပျံဆန် ၂၄ ပြည်ဝင် အိတ်ရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဇလွန်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိထွေးက ပြောပြသည်။ ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလက ကျားပျံဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျားပျံဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မတ်လအတွင်း ကျားပျံဆန်အိတ်ရေ ၇၂၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဇလွန်မြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အများဆုံးတင်ပို့ရောင်းချခဲ့ပါတယ်။ ကျားပျံဆန်က ဆန်အချောအုပ်စုထဲမှပါတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။ အဲဒီဆန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေလို့ တင်ပို့မှုအားကောင်းခဲ့တာ ဖြစ်ပါတယ်။ ကျားပျံဆန်ကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားဆန်တွေနဲ့ယဉ်ရင် မတ်လအတွင်းမှာကော လတ်တလောအနေနဲ့ပါ ကျားပျံဆန်အမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု ဇလွန်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိထွေးက ပြောပြသည်။ ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ကျားပျံဆန်အမျိုးအစား ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဆန်များ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ