Local News

ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဆက်လက်ဈေးအနည်းငယ်မြင့်တက်နေ

Last Updated:

ရွှေမန်း

          ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဆက်လက်ဈေးအနည်းငယ်မြင့်တက်နေကြောင်း   ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ သိသိသာသာ ဈေးကျဆင်းသွားပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း၊ ပစ္စည်းအသစ်ဝင်နည်းပါးပြီး လက်ကျန်နည်းသည့် မြေပဲဆန်နှင့် နှမ်းမျိုးစုံမှာ ယခင်သီတင်းပတ်ထက် ဆက်လက်ဈေးမြင့်တက်နေကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများလည်း တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဆက်လက်ဈေးမြင့် တက်နေကြောင်း၊ ပို့ကုန်ပဲများ ဈေးကျဆင်းမှုမှာ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်ကြောင်း၊ အခြားဒေါ်လာဈေး၊ ရွှေဈေးများမှာ ဈေးမြင့်တက်လာကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံက ပြော သည်။

          "ဇွန်တတိယပတ်အတွင်း ပို့ကုန်ပဲများနဲ့ ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေတာကနေ ဇွန် ၂၂ ရက်တွင် မတ်ပဲ၊ ပဲစင်းငုံတို့ တစ်အိတ်လျှင် ငွေကျပ်  တစ်သောင်းခန့် ဆက်လက်ဈေးကျဆင်းသွားပါတယ်။ ပြည်တွင်းသုံး ကုလားပဲများလည်း အလားတူ လိုက်ပါဈေးကျဆင်းသွားပါတယ်။ တရုတ်လိုင်းတင်ပို့နေတဲ့ နှမ်းမျိုးစုံကတော့ ပစ္စည်းအဝင်နည်းတာ ကြောင့် တစ်အိတ်လျှင်ငွေကျပ် သုံးသိန်းကျော် ပေါက်ဈေးဖြစ်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပုံမှန်သာအရောင်းအဝယ် ဖြစ်နေပါတယ်"ဟု ၎င်းက ပြောသည်။

          ဇွန် ၂၂ ရက်တွင် ပို့ကုန်ပဲများမှာ ငွေကျပ် ၁၀ç၀၀၀မှ ၂၀ç၀၀၀ အထိ ဈေးကျဆင်းသွားရာ သုံးတင်းဝင် မတ်ပဲ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ကျဆင်းသွားသော်လည်း ပဲတီစိမ်းအညာ ၅၆ ဒသမ  ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများဖြစ်သည့် ပဲကြီး၊ ပဲထောပတ်၊ မြေထောက်ပဲ၊ ကျွန်းစားတော်ပဲတို့မှာ ယခင်သီတင်းပတ်ထက် ဆက်လက်ဈေးမြင့်တက်လာရာ  သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ထပ်မံဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

          ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဇွန် ၂၂ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀  ခန့် ဈေးကျဆင်းသွားရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ V7 တစ်အိတ်လျှင်   ငွေကျပ် ၂၅၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀ ပေါက် ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ်  ၃၂၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၉၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

          တရုတ်လိုင်းသို့ တင်ပို့နေသည့် ပဲတီစိမ်း၊ နှမ်း၊ မြေပဲဆန်နှင့် ပဲမာလိုင်းအချို့မှာ နယ်စပ်ကုန်သွယ်မှုမှတဆင့် တင်ပို့မှုနည်းပါးပြီး ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့မှု ရှိနေတာကြောင့် အသစ်အဝင် နှမ်းမျိုးစုံဈေးကွက်မှာ ဝယ်လိုအားကောင်းပြီးတောင်သူများ ဈေးကောင်းရရှိနေကြောင်း သိရသည်။ မြေပဲဆန်မှာ လက်ကျန်နည်း လာတာကြောင့် အမျိုးအစား အလိုက် အနည်းငယ်ဆက်လက် ဈေးမြင့်တက်လာသည်။ အသစ်ဝင် နှမ်းမျိုးစုံဈေးကွက်မှာ အမြင့်ဈေးဖြင့် ဆက်လက်အရောင်းအဝယ်သွက်နေရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News