Local News

လပွတ္တာမြို့နယ်တွင် နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေသန်းက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ပြီးခဲ့သည့် မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့က နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိသာ ဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့ (ဩဂုတ်လ ၂၂) ရက်နေ့ထိ နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိကြောင်း သိရသည်။

“ဒီနှစ် နေလှန်းဆားဈေးက အဆမတန် မြင့်တက်နေတယ်။ ပြည်ပတွင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းလုပ်တဲ့ရာသီဖြစ်လို့ အခုလိုဒေသထွက်ဆား ဈေးတက်နေတာပါ။ လက်ရှိအချိန်က ဒေသမှာဆားလက်ကျန်တွေပဲရှိပါတယ်။ အခုလက်ကျန်ဆားတွေကိုပဲ ရောင်းနေတာ၊ အခုလို ဆားဈေးကောင်းလာတော့ ဆားထုတ်လုပ်တဲ့တောင်သူတွေလည်း အဆင်ပြေလာတာတွေ့ရပါတယ်။ ဒေသထွက်ဆားတွေကို ဧရာဝတီတိုင်းဒေသကြီးထဲက ဆားဝယ်လက်တွေကို ရောင်းချနေရတဲ့အပြင် ရန်ကုန်ဘက်ကိုလည်း တင်ပို့ရောင်းချနေပါတယ်။ ဆားဈေးကောင်းလာတော့ ဆားလုပ်ငန်းက သိုလှောင်ထားသူတွေ အဆင်ပြေတာ တွေ့ရပါတယ်” ဟု လပွတ္တာမြို့နယ်မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေသန်းက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး ရန်ကုန်မြို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆားများကို ထုတ်လုပ်ရာတွင် ဆားလုပ်သားတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၈၀၀၀ ထိပေးကာ နေ့စားစနစ်ဖြင့် ဌားလုပ်ကိုင်ရကြောင်း၊ အဆိုပါဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း ဒေါ်ဆွေသန်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News