International News

၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃ သန်း တင်သွင်းမည်ဟု အင်ဒိုနီးရှားဝန်ကြီးပြောကြား

Last Updated:

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျလျက် ဈေးကွက်လိုအပ်ချက်ဖြစ်ပေါ်မှုကို  ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃ သန်းကို တင်သွင်းခွင့်ပြုမည်ဟု အင်ဒိုနီးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၃ သန်းအထိ တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းအနက် ဆန်တန်ချိန် ၂ သန်းကို နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီဖြစ်သော Bulog အဖွဲ့က ဝယ်ယူတင်သွင်းရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယမန်နှစ်၌ ဆန်တန်ချိန် ၃.၅ သန်းကို တင်သွင်းခွင့်ပြုခဲ့ရာ တန်ချိန် ၃ သန်းရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဆန်တန် ၅၀၀ ခန့် သည် လမ်းခုလတ်တွင်ကျန်ရှိနေပြီး ယခုလအတွင်းရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပြည်တွင်း၌ ဆန်တန်ချိန် ၂.၃ သန်းခန့် လိုအပ်ချက်ဖြစ်ပေါ်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းရန် ဆုံးဖြတ်ခဲ့ရကြောင်း၊ နိုင်ငံတော်အရန်ဆန် ဖူလုံမှုရှိစေရေးအတွက် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံမှ ဆန်တန်ချိန် ၂ သန်းကို ဝယ်ယူ တင်သွင်းရန် သမ္မတ ဂျိုကိုဝီဒိုဒိုက အတည်ပြုထားပြီးဖြစ်ကြောင်းဖြင့် ၂၀-၁-၂၀၂၄ ရက်နေ့၊ အနောက်ဂျာဗားပြည်နယ် Garut ခရိုင်၌ မိသားစုများသို့ အစိုးရ၏ ဆန်အထောက်ပံ့ လွှဲပြောင်း ပေးအပ်ပွဲ ပြုလုပ်ရာတွင် ဝန်ကြီး Hartarto က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆန်တင်သွင်းမှုနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က အစိုးရ၏ အရန်ဆန်ထားရှိမှု အစီအစဉ်ကို အား ကောင်းခိုင်မာအောင် ဆောင်ရွက်ရမည့်အစား ခါးသီးသော အခြားနည်းရွေးချယ်မှုအဖြစ် ဆန်တင်သွင်းခွင့်ပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အယ်လ်နီညိုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့သည့် အခြေအနေကို သိရှိပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လအလိုက် ဆန်လက်ကျန်မှာ လျော့နည်းပြီး လိုအပ်ချက်များ ရှိလာမည်ဖြစ်ကြောင်း၊ ဤအခြေအနေက ဆန်ဈေးနှုန်းများကို မြင့်မားလာစေနိုင်သဖြင့် လိုအပ်သောကြိုတင်စီမံမှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့အေဂျင်စီအနေဖြင့် လယ်သမားများ၊ ထုတ်လုပ်သူများနှင့် စားသုံးသူများအကြား ဆန်ဈေးနှုန်းများ ဟန်ချက်ညီမျှမှုရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းကာလ၌ အစိုးရသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းတင်သွင်းရန် Bulog အဖွဲ့သို့ တာဝန်ပေးအပ်ထားခြင်းဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုကျဆင်းခဲ့သည့် အခြေအနေ တွင် ထပ်မံဖြည့်ဆည်းရန် လိုအပ်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆန်လိုအပ်ချက် စုစုပေါင်း တန်ချိန် ၂.၈၃ သန်းဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီ ကာလများအတွင်း စံချိန်တင် ရောက်ရှိနိုင်ကြောင်း၊ ဇန်နဝါရီလတွင် ဆန် တန်ချိန် ၁.၆၁ သန်းနှင့် ဖေဖော်ဝါရီလ၌ တန်ချိန် ၁.၂၂ သန်းခန့် အသီးသီးလိုအပ်မည်ဖြစ်ကြောင်း  အင်ဒိုနီးရှားစာရင်းအင်းဌာနက ခန့်မှန်းထားပါသည်။

Source: Antara News, 21 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News