Local News

မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံစိုက်တောင်သူများ အကျိုးအမြတ်များရရှိ

Last Updated:

      မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်သည် ဝါစိုက်ပျိုးမှုများသောဒေသဖြစ်ပြီး ဝါစက်လုပ်ငန်းနှင့် ဝါစေ့ဆီစက်များမှ ဝါစေ့ဆီထုတ်လုပ်သည့် လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ဝါသီးနှံကို မိုးကြို၊ မိုးနှင့် မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဒေသတွင်း၌ မိုးနှင့်မိုးနှောင်းဝါများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ လက်ရှိအချိန်တွင် ဝါသီးံစိုက်ပျိုးဆဲကာလဖြစ်သည့်အတွက် ဝါနှင့်ဂွမ်းလက်ကျန် အနည်းငယ်သာရှိကြောင်း သိရသည်။

     မိတ္ထီလာမြို့နယ်တွင် ဝါစက်လုပ်ငန်းရှင် ခုနှစ်ဦးရှိသည့်အနက် ခြောက်ဦးမှာ ဝါစက်လုပ်ငန်းအပြင် ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်းများကိုပါ လုပ်ကိုင်လျက်ရှိကြောင်း၊ ဝါစက် လုပ်ငန်းအနေဖြင့် ဝါကုန်ကြမ်း သုံးပိဿာကြိတ်လျှင် ဂွမ်းတစ်ပိဿာနှင့် ဝါစေ့သုံးပုံနှစ်ပုံခန့် ထွက်ရှိကြောင်း၊ ဝါစေ့ဆီ ထုတ်လုပ်မှုအနေဖြင့် ဝါစေ့ပိဿာ ၁၀၀ ကြိတ်လျှင် ဝါစေ့ဆီ ၁၀/၁၂ ပိဿာခန့်ထွက်ရှိကြောင်း၊ ဝါစေ့ဆီကို အကြော်လုပ်ငန်းများမှ ဝယ်ယူလျက်ရှိပြီး ဝါစေ့ဖတ်များ ကို တိရစ္ဆာန်အစာနှင့် မှိုစိုက်ပျိုးရေးတို့အတွက် အသုံးပြုကြကြောင်း သိရသည်။

      ဈေးနှုန်းအနေဖြင့် ဝါကုန်ကြမ်းတစ်ပိဿာလျှင် ကျပ် ၃၆၀၀-၃၈၀၀၊ ဂွမ်းတစ်ပိဿာလျှင် ကျပ် ၈၅၀၀၊ ဝါစေ့နှင့် ဝါစေ့ဖတ်တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၁၆၀၀ နှင့် ဝါစေ့ဆီ တစ်ပိဿာ လျှင် ကျပ် ၇၃၀၀ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် နိုင်ငံပိုင်ချည်မျှင်နှင့် အထည်စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဝါသီးနှံမှာ အကျိုးအမြတ်များစွာရရှိသည့် အတွက် ဝါသီးနှံကို ပိုမိုစိုက်ပျိုးသင့်ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News