Local News

ကြက်သွန်နီ တစ်ပတ်အတွင်း တစ်ပိဿာကို ၇၀၀ နီးပါးဈေးမြင့်တက်

Last Updated:

မြန်မာ့ကြက်သွန်နီကို တရုတ်နိုင်ငံဘက်ကနေ  အဝယ်လိုက်လာသည့်အတွက် တစ်ပတ်အတွင်း တစ်ပိဿာကို ငွေကျပ် ၇၀၀ နီးပါးထိ စျေးတန်းပြန်လည်မြင့် တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။ လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် စျေးကွက်နှင့် ပခုက္ကူကုန်စည်ဒိုင်စျေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာကို ၃၁၀၀ ကျပ်ထိ ပြန်လည်မြင့်တက်လာကာ ပြင်ပလက်လီစျေးကွက်တွင် ကြက်သွန်နီစျေးသည်  တစ်ပိဿာကို ၃၅၀၀ ကျပ် မှ ၃၈၀၀ ကျပ် အထိမြင့်တက် ရောင်းချမှုရှိလာကြောင်းသိရသည်။ 

"တရုတ်က အဝယ်လိုက်လို့ စျေးတက်တာပါ။ ခုရက် ကြက်သွန်အဝင်လည်းနည်းပါတယ်။ ၁၆ စီးပဲရှိတယ်။ နယ်မှာလည်း ၂၇၀၀ ၂၈၀၀ ရနေတော့ ရန်ကုန်ကို မတင်ကြဘူးပေါ့၊ ဒါကြောင့် ရန်ကုန်ကို ခုရက်ပိုင်းကြက်သွန်အဝင်နည်းသွားပါတယ်။ တရုတ်နိုင်ငံက တနှစ်ပတ်လုံးဝယ်တာလည်းရှိတယ်၊ အခုလိုရှားတဲ့အချိန်မှဝယ်တာမျိုးလည်းရှိတယ်"ဟု မြန်မာနိုင်ငံကြက်သွန်အသင်းဥက္ကဌ ဦးခင်ဟန်မှပြောသည်။ 

ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီ ကားအစီးရေ ၁၆ စီး ကုန်ချိန် ၉၆၀၀၀ ဝင်ရောက်မှုရှိကြောင်း၊ ပြီးခဲ့သည့် ရက်များ၌လည်း ၁၅ စီးမှ ၁၆ စီးသားဝင်ရောက်မှုရှိရာ ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီ ၂ မျိုးအဓိက ဖြစ်သည်။ ပခုက္ကူ ကြက်သွန်နီ စျေးကွက်ကိုမူ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ကြက်သွန်နီ ကုန်ချိန် ၁၂၅၀၀ ဝင်ရောက်မှုရှိပြီး ပစ္စည်းကောင်းရှားကြောင်းသိရသည်။ လက်ရှိ ကြက်သွန်နီစျေးပြန်လည်မြင့်တက်လာသည့်အတွက် ရန်ကုန်စျေးကွက်တွင် အရောင်းအဝယ်အေးနေသလို လက်လီစျေးကွက်တွင်လည်း အရောင်းအဝယ်အေးကြောင်းသိရသည်။ 

"စျေးပြန်တက်လာတော့အရောင်းအဝယ်ပါးသွားတယ်။ လျှော့သုံးလာကြတဲ့သဘောပေါ့။ စျေးဝယ်သူတော့မပြောနဲ့ အမတောင် ကိုယ်တိုင်ရောင်းပေမယ့် ကြက်သွန်နီ လျှော့သုံးတယ်။ အခုဆို ၃၅၀၀ ရောင်းတယ်။ အလုံးကအရမ်းအချောကြီးမဟုတ်ဘူး။ အသင့်အတင့်ပေါ့ " ဟု ကုန်စုံဆိုင်ပိုင်ရှင်  မျိုးမျိုးထွေးမှပြောသည်။  မြန်မာ့ကြက်သွန်နီကို  တရုတ်နိုင်ငံအပြင်  ထိုင်းနိုင်ငံ၊  ဗီယမ်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကိုပါ တင်ပို့ရောင်းချမှုရှိသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံကသာ အဝယ်လိုက်နေသည့်အတွက် တရုတ်နိုင်ငံကိုအဓိကတင်ပို့နေရဟုသိရသည်။ 

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံကို G to G စနစ်ဖြင့် ကြက်သွန်နီ တင်ပို့ရန်စီစဥ်နေသော်လည်း လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဟုသိရသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့်  ဧကပေါင်း ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိကြောင်းသိရသည်။ ကြက်သွန်နီကို ပခုက္ကူ၊ ဆိပ်ဖြူ၊ မြစ်သား၊ မုံရွာ၊ ပဲခူးတိုင်းအပြင် ကျန်မြို့နယ်များတွင်စိုက်ပျိုးကြသော်လည်း ပခုက္ကူ၊ မြစ်သား၊ ဆိပ်ဖြူ၊ မုံရွာ ကြက်သွန်နီသည် စျေးကွက်ဝင်ကြောင်းသိရသည်။ 

Source: Awba

 

Category: Local News