Local News

ပန်းတနော်မြို့နယ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ဖြင့် ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ဖြင့် ဈေးကောင်းရရှိနေကြောင်း ပန်းတနော်မြို့နယ် လယ်ယာထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်မျိုးဝင်းက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်လက ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ သာ ဈေးရှိခဲ့ပြီးဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၂၃)ရက်ထိ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ဖြင့် ဈေးကောင်းရရှိလာ ကြောင်း၊ အဆိုပါ ဈေးကောင်းရရှိလာသည့် ငရုတ်သီးခြောက်များမှာ လက်ကျန် နွေငရုတ်သီးခြောင်များဖြစ်ကြောင်း သိရသည်။

“အရင်လတွေကထက် အခုလအတွင်း ငရုတ်သီးခြောက်ဈေးက တော်တော်လေး ကောင်းလာပါတယ်။ လက်ရှိအ‌ရောင်းအဝယ်ကောင်းနေတဲ့အပြင် ဈေးကောင်းပါရရှိလာတာပါ။ အခု နွေငရုတ်သီးခြောက် လက်ကျန်တွေပဲအရောင်းအဝယ် ဖြစ်နေတာပါ။ အခု ငရုတ်သီးစိမ်းတွေလည်း ထွက်ရှိနေပါတယ်။ ငရုတ်သီးစိမ်းကလည်း ဈေးကောင်းနေသလို အထွက်နှုန်းလည်း ကောင်းပါတယ်။ ဒီနှစ်ငရုတ်စိုက်တောင်သူတွေ အဆင်ပြေကြပါတယ်” ဟု ဒေါ်ခင်မျိုးဝင်းက ပြောပြသည်။ ပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲ၍ ငရုတ်သီးစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ ၁၅ ဧကထိ စိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News