Local News

မိုးစပါးအသစ်ပေါ်ချိန် ပြည်တွင်း စပါးဈေး၊ ဆန်ဈေးမြင့်တက်

Last Updated:

ပြည်တွင်းမိုးစပါးအသစ်များ ဆက်တိုက်ပေါ်ထွက်နေချိန် စပါးဈေးနှုန်းက ၅ ရာခိုင်နှုန်းကျော်ထပ်မံမြင့်တက်သကဲ့သို့ ဆန်ဈေးနှုန်းကလည်း လိုက်ပါမြင့်တက်လာသည်။ မိုးစပါးများစတင်ရိတ်သိမ်းသည့် အောက်တိုဘာလတွင် အနိမ့်ဆုံးစပါးဈေးသည် ၁၄ သိန်းဝန်းကျင်ဈေးရှိသော်လည်း လက်ရှိအနိမ့်ဆုံး စပါးဈေးသည်ပင် ၁၅ သိန်းကျော် အမြင့်ဆုံး  သိန်း ၃၀ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။ 

"အရင်က GW ကတော့ဈေးတန်းအနိမ့်ဆုံးပဲ၊ သူအခုသူက ကုန်ပြီ၊ အခု ကရင်မ စက်ကျပေါ့ ၁၅ သိန်း ၆ သောင်းအထိဖြစ်လာတယ်၊ ကျန်တဲ့ နှံကောက်၊ မှော်ဘီ ၃ ကပိုတယ်။ တခြားစပါးတွေလည်း အကုန်တက်လာတယ်။ အခုက တော်တော်များများစပါးတွေရိတ်ပြီးကိုကြပြီ၊ သက်ကြီးစပါးနဲ့ နောက်ကျမှစိုက်တဲ့ စပါးခင်းတွေလောက်ပဲကျန်တော့တယ်။ ဒါတောင်ခုကရင်မတွေဆိုရိတ်နေကြပြီ " ဟု ပဲခူးတိုင်း ပြည်ခရိုင် ဒေသခံ တောင်သူတစ်ဦးမှပြောသည်။ 

စပါးဈေးသည် အမျိုးအစားပေါ်လိုက်ပြီး စပါး ပေါင် ၅၀ တင်း ၁၀၀ ကို ငွေကျပ် ၁ သိန်း ကျော်မြင့်တက်ခြင်း ဖြစ်သည်။ စပါးစိုက်ပျိုးရာဒေသဖြစ်သည့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင်  ပွဲစား၊ ကုန်သည်၊ ဆန်စက်များအနေဖြင့်  စပါးဝယ်ယူရာတွင် ပေါင် ၅၀၊ ၅၂၊ ၅၅ ပေါင်စသဖြင့်  ဝယ်ယူမှုရှိကြောင်း၊  ပေါင်အလေးချိန်အပေါ်လိုက်ပြီး  ဈေး  နှုန်းကွာဟမှုရှိကြောင်း သိရသည်။ 

"ကျားပျံဆိုရင် ၂၈၊ ၂၉ သိန်းပေါ့။ အဲ့ဒါ ၅၅ ပေါင်ယူကြတယ်။ ပေါင် ၅၀ ဆိုရင် ဈေးတမျိုးပေါ့၊ ဈေးက အတက်ပဲရှိတယ်၊ အကျသိပ်မမြင်ဘူး၊ ခုနှစ်က စပါးခင်းပျက်စီးတာတွေလည်း တအားများထားတာ" ဟု ဧရာဝတီတိုင်းမှ စပါးပွဲစားတစ်ဦးမှပြောသည်။ စပါးဈေးမြင့်လာသလို ဆန်ဈေးသည်လည်း တစ်အိတ်ကို ၃၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်ကြောင်းသိရသည်။ ပြည်တွင်း ဆန်ဈေးကွက်တွင် စားသုံးများအနေဖြင့် အသစ်ရော အဟောင်းပါ ဝယ်ယူမှုအားကောင်သော်လည်း မိုးဆန်အသစ်ဈေးကွက်ထဲ အဝင်နည်းနေကြောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်သည် ၁၀၀၀၀ ကျော်လောက်မြင့်တက်လာခြင်းဖြစ်ဟုသိရသည်။ 

" ဆန်ဈေးနည်းနည်းစွာလာတယ်၊ အသစ်ရော အဟောင်းရောပါ၊ စားသုံးသူကတော့ အသစ်ကိုပိုကြိုက်ပေမယ့် ဆန်သားမလှလို့ ဈေးကွက်သိပ်မဖြန့်ရသေးဘူး။ အခုတော့ အဟောင်းတွေပဲ ရောင်းနေတယ်။ ဆန်ဈေးက  သူတို့အသင်းက  ဈေးတွေထုတ်ပြန်ပြီး  မကြာဘူးတက်တာပဲ။  သူတို့သတ်မှတ်တဲ့ဈေးတွေလည်း  ရောင်းလို့မရပါဘူး၊  ဝယ်ရတာကိုက  ဈေးမြင့်နေတာ" ဟု  ရန်ကုန်အခြေစိုက် ဆန်ကုန်သည် တစ်ဦးကပြောသည်။ လက်ရှိတွင် ရွှေဘိုပေါ်ဆန်းအဟောင်း ထူးထူးရှယ်ထိပ်စသည် တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်အထိ ရှိလာနေပြီ အလားတူ ဧရာဝတီပေါ်ဆန်း၊ ကျားပျံ စသဖြင့် ဆန်အမျိုးအစားအားလုံးနီးပါး ဈေးနူန်းမြင့်တက်ခြင်းဖြစ်ဟုဆန် ကုန်သည်အချို့က ပြောသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှထုတ်ပြန်ထားသည့်   နိုဝင်ဘာလအတွက် ရောင်းချသင့်သော ဆန်ဈေးများမှာ အလေးချိန် ၁၀၈ ပေါင်(၂၄ ပြည် ) ဆန်တစ်အိတ်ကို  ဧည့်မထအုပ်စု ၂၅ မှတ် (အကျိုးအကြေ ၂၅ရာခိုင်နှုန်း )ဆန်အတွက်  ၅၈၀၀၀ မှ ၆၀၀၀၀ ကျပ် ၁၅မှတ်(အကျိုးအကြေ ၁၅ရာခိုင်နှုန်း )ဆန်အတွက် ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အတွင်း  ၁၀-၅ မှတ်(အကျိုးအကြေ ၁၀ရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်း)ဆန်အတွက်  ၆၂၀၀၀ မှ ၆၄၀၀၀ ကျပ်အတွင်းသတ်မှတ်ပေးထားသည်။ 

ဧရာမင်းဆန်၊ ဧရာပဒေသာနှင့် အထူးဧည့်မထအုပ်စုများဖြစ်သည့် (၂၅)မှတ်(အကျိုးအကြေ ၂၅ ရာခိုင်နှုန်း) ဆန်တစ်အိတ်ကို  ၆၅၀၀၀ မှ ၇၀၀၀၀ ကျပ် အတွင်း၊ ၁၅ မှတ် (အကျိုးအကြေ ၁၅ရာခိုင်နှုန်း ) ဆန်တစ်အိတ် ကို  ၇၀၀၀၀ မှ ၇၅၀၀၀ အတွင်း၊ ၁၀-၅ မှတ ်(အကျိုးအကြေ ၁၀ရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်း) ဆန်တစ်အိတ်ကို  ၇၅၀၀၀ မှ ၈၀၀၀၀ ကျပ်အတွင်းသာ ရောင်းချသွားရန် သတ်မှတ်ထားသည်။ 

ဧရာဝတီပေါ်ဆန်း  ၁၀-၅ မှတ် (အကျိုးအကြေ ၁၀ရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်း)ဆန်တစ်အိတ်ကို  ၇၅၀၀၀  မှ ၈၀၀၀၀ကျပ်  အတွင်းသာ ရောင်းချသွားရန်  သတ်မှတ်ထားခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းကိုမူ ဒီဇင်ဘာလတွင် ဈေးနူန်းထုတ်ပြန်ပေးသွားမည်ဟုသိရသည်။ 

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အတ်လျင်  ၁၂၀၀၀၀ မှ ၁၂၅၀၀၀ ကျပ်၊ ပေါ်ဆန်းသစ်သည် ၉၀၀၀၀ မှ ၉၅၀၀၀ ကျပ်၊ပေါ်ဆန်းဟောင်းရှယ်သည်  ၁၀၀၀၀၀ကျပ်၊ ကျားပျံသစ်ရှယ်သည်  ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ ကျားပျံဟောင်း ရှယ်သည် ၁၀၀၀၀၀ ကျပ်၊ ခွံနီအဟောင်းရှယ် ၈၅၀၀၀ မှ ၈၇၀၀၀ ကျပ်နှင့် ရက် ၉၀  ရှယ်အဟောင်း ဆန်သည် ၇၂၀၀၀ မှ ၇၅၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။ 

Source: Awba

Category: Local News