International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီဈေးကွက်အလားအလာ

Last Updated:

ရည်ရွယ်ချက်

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှု၊ တင်သွင်းမှု၊ တင်ပို့မှုနှင့် ဈေးကွက်အခြေအနေတို့အား လေ့လာ၍ မြန်မာ့စိုက်ပျိုးရေးပို့ကုန် ကော်ဖီတိုးမြှင့်တင်ပို့နိုင်ရေးနှင့် မြန်မာ့ကော်ဖီပို့ကုန် တိုးတက် အောင်မြင်ရေးအတွက် အလားအလာကောင်းများရရှိရန် ရည်ရွယ်ပါသည်။

စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုအခြေအနေ

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၇၁၀,၀၀၀ ကျော်ရှိပြီး အထွက်နှုန်း ၁ ဟက်တာတွင် ၂.၄ တန် အထွက်နှုန်းဖြင့် ပထမအဆင့်ရှိကြောင်း၊ စိုက်ပျိုးမှုဧရိယာအရ ကမ္ဘာပေါ်တွင် အဆင့် (၆) နေရာတွင်ရှိသော်လည်း အထွက်နှုန်း မြင့်မားခြင်းကြောင့် ဒုတိယမြောက် အထွက်အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁.၆၁ သန်း တင်ပို့ခဲ့ပြီးဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁၈ ဘီလီယံရရှိခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးအားဖြင့် ၃.၁ ရာခိုင်နှုန်း တက်လာကြောင်း သိရှိရပါသည်။

သို့ရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော The Asia International Coffee Conference တွင် ဆွေးနွေးချက်အရ ဗီယက်နမ်နိုင်ငံတွင် ကော်ဖီအဓိကထား စိုက်ပျိုးသည့် ဧရိယာများကျဉ်းမြောင်းသွားကြောင်း၊ အကြောင်းမှာ အမြတ်အစွန်းများသော ဒူးရင်း၊ ထောပတ် စသည့်သီးနှံများ စိုက်ပျိုးခြင်းကြောင့်ဖြစ်ကြောင်း၊ ကော်ဖီတစ်ဟက်တာလျှင် ဗီယက်နမ်ဒေါင် ၂၀၀ သန်းခန့်ရရှိပြီး ထောပတ်သီးသည် ဗီယက်နမ်ဒေါင် ၁.၅ ဘီလီယံအထိ ရရှိသည့်အတွက် ကော်ဖီစိုက်ပျိုးမှုထက် ၅ ဆပိုများသည့်အတွက် တောင်သူများအနေဖြင့် ကော်ဖီပင်များ အဓိကထား စိုက်ပျိုးရန်ခက်ခဲကြောင်း သိရှိရပါသည်။

တင်သွင်း/တင်ပို့မှုအခြေအနေ

ဗီယက်နမ်ကော်ဖီ အဓိကတင်ပို့သည့်နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီနှင့် ဘလ်ဂျီယံတို့ဖြစ်ပြီး နိုင်ငံတွင်း ကော်ဖီအဓိက တင်သွင်းမှုအား အဓိကအားဖြင့် လာအို၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ဂျာမဏီ၊ ပါပူဝါနယူးဂီနီ၊ အိန္ဒိယ၊ ပီရူး၊ ထိုင်း၊ ဟွန်ဒူးရပ်၊ စင်္ကာပူတို့မှ တင်သွင်းလျက်ရှိသည်။ တစ်နှစ်လျှင် တန်ချိန် ၃၀၀,၀၀၀ ကျော်၊ တင်သွင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

ဈေးကွက်ဝင်ရောက်မှု(Market Assess)

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(MARD)မှ သတ်မှတ်ထားသော အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီရန်လိုအပ်ခြင်း၊ ကော်ဖီအမျိုးအစားပေါ်မူတည်၍ အော်ဂဲနစ် အသိအမှတ်ပြုအဖွဲ့မှ အသိအမှတ်ပြုမှုလိုအပ်ခြင်း၊ ပြည်တွင်းတင်သွင်းသူ၊ ဖြန့်ဖြူးသူများနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် ဈေးကွက်ဝင်ရောက်မှု လွယ်ကူချောမွေ့စေ မည်ဖြစ်သည်။

အပင်ကျန်းမာရေးနှင့် ပိုးမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု

ဗီယက်နမ်သို့ ကော်ဖီတင်ပို့သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD)၊ အပင်ကာကွယ်ရေးဌာန (PPD) နှင့် ဗီယက်နမ် ကော်ဖီကိုကိုးအသင်း (VICOFA) တို့မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရန် လိုအပ်ပါသည်။

ယှဉ်ပြိုင်နိုင်စွမ်း(Competitiveness)

ဗီယက်နမ်အနေဖြင့် ကော်ဖီထုတ်လုပ်မှုမှာ နိုင်ငံတကာအဆင့် အရည်အသွေးစံချိန်စံညွှန်းများနှင့် နာမည်ကောင်းရရှိနေသည့်အတွက် တင်သွင်းမည့်ကော်ဖီများအနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်သည့် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီရန်မရှိမဖြစ်လိုအပ်ပြီး ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်များကောင်းများဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

ကုန်သွယ်မှုမြှင့်တင်ရေး

ကော်ဖီနှင့်ဆက်စပ်သောကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် ဗီယက်နမ်ရှိ အလားအလာရှိသော ဝယ်ယူသူများအား မိမိတို့၏ စိုက်ပျိုးရေးထုတ်ကုန်များအားပြသရန် အခွင့်အလမ်းများ ပေးစွမ်းမည် ဖြစ်ပါသည်။ အခြားထိရောက်သောနည်းလမ်းမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါသည်။

သုံးသပ်ချက်

ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာတွင် ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာကို ရရှိထားသော်လည်း ပြည်ပသို့တင်ပို့မည့် ကော်ဖီပမာဏအား မိမိနိုင်ငံတွင် လုံလောက်အောင် ထုတ်လုပ် စိုက်ပျိုးနိုင်မှု မရှိခြင်းကြောင့် လာအို၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ဂျာမဏီ၊ ပါပူဝါနယူးဂီနီ၊ အိန္ဒိယ၊ ပီရူး၊ ထိုင်း၊ ဟွန်ဒူးရပ်၊ စင်္ကာပူ စသည့်နိုင်ငံတို့မှ  သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း ပြည့်မီသည့် ကော်ဖီများကို မိမိနိုင်ငံ၏ ပို့ကုန်ဈေးကွက်ပမာဏ ပြည့်မီအောင် တင်ပို့နိုင်ရန် အများအပြားတင်သွင်းလျက်ရှိပါသည်။ ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် တန်ချိန် ၃၀၀,၀၀၀ ကျော်၊ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော် တင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီမည့် ကော်ဖီအမျိုးအစား အရည်အသွေး၊ ထုတ်ပိုးမှုများဖြင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့်ကော်ဖီနှင့်ဆက်စပ်သော ကုန်စည်ပြပွဲများသို့ ဝင်ရောက်ပြသနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ဗီယက်နမ်ကုန်သွယ်မှုဌာနများသို့ ဈေးကွက်ဝင်တင်သွင်းနိုင်ရေးအတွက် စီးပွားရေးသံမှူးမှတစ်ဆင့် မိမိကုန်ပစ္စည်းဆိုင်ရာ အချက်အလက်များ ပေးပို့ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ကော်ဖီပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် တိုးတက်အောင်မြင်ရေးအတွက် အလားအလာ ကောင်းများရရှိစေမည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source: ဒေါ်ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး(ဟနွိုင်းမြို့)

Category: International News