Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂၈၂ သန်းကျော်ဖြစ်ပေါ်

Last Updated:

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂၈၂ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၆ ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၇၃၄ ဒသမ ၃၁၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၀၁၆ဒသမ ၆၉၂၈ သန်းရှိခဲ့ကာ  ကုန်သွယ်မှုပမာဏဒေါ်လာ၆၇၅၁ ဒသမ ၀၀၆ သန်းအထိရရှိခဲ့သည်။ ယင်းအနက် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၂၈၂ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၂၈၂ ဒသမ ၃၇၈ သန်း ဖြစ်ပေါ်ခဲ့သည်။

         ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလီယံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။ အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလီယံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

      ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလီယံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ် လာ ၂ ဒသမ ၄၈၉ ဘီလီယံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

       မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက် အလက် ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

      ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန် ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလီယံ)၊ သွင်းကုန်ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလီယံ) ဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလီယံ) ရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၂ သန်းရရှိခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Source: https://news-eleven.com

Category: Local News