Local News

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (ONLINE SALES) လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားသည့် စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေးအခမ်းအနား မန္တလေးမြို့၌ ကျင်းပ

Last Updated:

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေး အခမ်းအနား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထား ရှိမှု အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော စိတ်ပါဝင်စားသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားသို့ စိတ်ပါဝင်စားသူ ၃၀၀ ဦးခန့် တက်ရောက်လေ့လာကြကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍လျှောက်ထား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရရှိသည်။

Source: https://commerce.gov.mm

Category: Local News