Local News

မြန်မာ့သကြားကို ဒေသတွင်းနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ

Last Updated:

မြန်မာ့သကြားကို ဒေသတွင်းနိုင်ငံများမှ  ဝယ်ယူရန်  ကမ်းလှမ်းထားမှုများရှိနေကြောင်း  မြန်မာနိုင်ငံ  သကြားနှင့်  ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ  သိရသည်။  မြန်မာ့သကြားကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်း ဝယ်ယူရန်ကမ်းလှမ်းလာသည့်အပြင် ဗီယက်နမ်နိုင်ငံကလည်း တန်ချိန်တိုးမြှင့်ဝယ်ယူရန် ကမ်းလှမ်းထား‌ကြောင်း သိရသည်။ သို့သော် လက်ရှိတွင် ပြည်တွင်းစားသုံးမှုဖူလုံစေရေး ဦးစားပေးနေရသည့်အတွက် လာမည့်ကြံရာသီမှသာ ကမ်းလှမ်းထားသည့် အမှာစာများအတွက်တင်ပို့ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“ဗီယက်နမ်နိုင်ငံဘက်က သူတို့ဝယ်ချင်တယ်ဆိုပြီး စာလာတယ်။ ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကလည်း ဝယ်ချင်တယ်ဆိုပြီး ပြောလာတယ်။ နိုင်ငံတကာမှာလည်း သကြားလိုအပ်ချက်ကရှိနေတော့ ကမ်းလှမ်းတဲ့ နိုင်ငံတွေကအများကြီးပဲ"ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို့ အဓိကထား တင်ပို့ပြီး တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတဆင့် သကြားအရည် တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သကြားစက်ရုံပေါင်း (၂၃) ရုံရှိပြီး ယခုနှစ်တွင် သကြားတန်ချိန် (၄) သိန်းခန့် ထွက်ရှိကာ ကြံကြိတ်ခွဲရာသီ ဒီဇင်ဘာလ မရောက်မီထိ သကြားတန်ချိန် (၁) သိန်းခန့်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရသည်။

Source: https://t.me/popularmyanmar.com

Category: Local News