Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်အိတ်ရေ ၂၅၀၀ ခန့် တင်ပို့ရောင်းချနေရ

Last Updated:

           ဧရာဝတီတိုင်းဒေသကြီး  မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် တစ်တင်းခွဲ ဆန်အိတ်ရေ ၂၅၀၀ ခန့် တင်ပို့ရောင်းချနေရကြောင်း  မော်လမြိုင်ကျွန်း မြို့နယ်   ဆန်၊  စပါးရောင်းဝယ်ရေး   ပွဲရုံလုပ်ငန်းရှင် ဒေါ်အေးအေးအောင်၏ ပြောပြချက်အရ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်၊ စပါး ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ဆန်နှင့်စပါးများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ တစ်ရက်လျှင် တစ်တင်းခွဲဆန်အိတ်ရေ ၂၅၀၀ ခန့် တင်ပို့ ရောင်းချနေရကြောင်း၊ ဧပြီလနှင့် မေလက တစ်ရက်လျှင် တစ်တင်းခွဲဆန်အိတ်ရေ ၁၂၀၀ အထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

          “မော်လမြိုင်ကျွန်းမြို့နယ်ကနေ ဆန်တွေကို ရန်ကုန်မြို့ကို တင်ပို့ရောင်းချတာ များပါတယ်။ တစ်တင်းခွဲ ဆန်အိတ်အမျိုးအစားကို အများဆုံး တင်ပို့ရောင်းချတယ်။ ပုသိမ်မြို့ဘက်ကိုလည်း တင်ပို့ရောင်းချတာ ရှိတယ်။  ရန်ကုန်မြို့လောက်တော့  ဆန်အိတ်ရေမများပါဘူး။ ရန်ကုန်မြို့ဘက်က   ဈေးကောင်းလည်းရသလို  တင်ပို့ရောင်းချတဲ့အခါမှာလည်း အခက်အခဲမရှိ  အစစအရာရာ အဆင်ပြေတော့ အခုလိုတင်ပို့အားတက်လာတာပါ။ ဆန်တွေက  အခုဇွန်လပထမပတ်လောက်ကစပြီး ဝယ်လိုအား သိသိသာသာ ကောင်းလာတယ်”ဟု ဒေါ်အေးအေးအောင်ကပြောသည်။

          မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့  တင်ပို့ရောင်းချနေသည့်   ဆန်အမျိုးအစားများမှာ  ဧရာပဒေသာ၊ ရက် ၉၀၊  ထိုင်းဘေးကျား၊   သီးထပ်၊  မနောသုခ၊   ဆင်းသုခ၊ ကျားပျံ၊  ပေါ်ဆန်းမွှေး၊  လုံးပုစသည့် ဆန်အမျိုးအစားများဖြစ်ကြောင်း   သိရသည်။ အဆိုပါ  တင်ပို့ရောင်းချနေသည့်  ဆန်ဈေးနှုန်းများမှာ  ရက်  ၉၀  တစ်အိတ်လျှင်  ငွေကျပ် ၇၀၀၀၀၊ မနောသုခတစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၊ သီးထပ်တစ်အိတ်လျှင် ငွေကျပ် ၆၀၀၀၀၊ ထိုင်းဘေးကျားတစ် အိတ်လျှင် ငွေကျပ် ၅၇၀၀၀၊ ဧရာပဒေသာ တစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀၊ ဆင်းသုခ တစ်အိတ်လျှင် ငွေကျပ် ၆၃၀၀၀၊ ပေါ်ဆန်း မွှေးတစ်အိတ်လျှင် ငွေကျပ်  ၈၀၀၀၀ နှင့် ကျားပျံရှယ် တစ်အိတ်လျှင် ငွေကျပ် ၈၇၀၀၀ ဈေးရရှိကြောင်း သိရသည်။  

Source: https://www.myawady.net.mm

Category: Local News