Local News

ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၂ သန်းခန့်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ခန့် ဝင်ငွေရရှိရန် ရည်မှန်းဆောင်ရွက်နေ

Last Updated:

ပြည်ပနိုင်ငံများသို့ ဆန်တန် ချိန် ၂ သန်းခန့် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်‌ေထာင်ခန့်ဝင်ငွေရရှိရန် ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို မိုးစပါး စိုက်ပျိုးမှုမှရရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မိုးစပါး အထွက်နှုန်းကောင်းမွန်ခဲ့သည်။ပြည်တွင်းစားသုံးမှုနှင့် ပိုလျှံမှုကို တွက်ချက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်ကွဲ-ပေါင်းဆန်တန်ချိန် ၂ သန်းနီး ပါးတင်ပို့ရန်လျာထားကြောင်း၊ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဝင်ငွေရရှိအောင် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုမှာ အဓိကဝယ်လက်က ဥရောပဈေးကွက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံတွေကိုလည်း ကောင်းမွန်သည့်ဈေးနှုန်း ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

"စိုက်ပျိုးရာသီအစကတည်းက တောင်သူတွေ အားထည့်စိုက်ပျိုးတာဖြစ်လို့ မိုးစပါးစိုက်ဒေသတွေမှာ အထွက်နှုန်းကောင်း ကောင်းရရှိခဲ့ပါတယ်။ ပျှမ်းမျှအထွက်နှုန်း တင်း ၈၀ ဝန်းကျင်နှင့် တင်း ၁၀၀ ကျော်ထိ ထွက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ဆန်စပါးဈေးကွက်ကတော့ ပြည်တွင်း အခြေအနေရယ် နိုင်ငံတကာ အခြေတွေပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနဲ့ စားသုံးမှုဖူလုံမှုကို တွက်ချက်ပြီး ပိုလျှံတဲ့ပမာဏကို စနစ်တကျ ပြည်ပတင်ပို့ရောင်းချနိုင်အောင် စီစဉ်နေပါတယ်။၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှာ ဆန်တန် ချိန် ၁ သန်းခွဲကနေ ၂ သန်းခန့် တင်ပို့နိုင်အောင် ရည်မှန်းထားပါတယ်။ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ဝင်ငွေရရှိအောင် တင်ပို့နိုင်ဖို့ ခန့်မှန်းပါတယ်" ဟု ၎င်းကပြောသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် တန်ချိန်များများ တင်ပို့တာထက် တန်ဖိုးမြှင့် ပေါင်းဆန်တွေကိုသာ တင်ပို့သွားမည်ဖြစ်ပြီး  ပေါင်းဆန် တစ်တန်လျှင် ဒေါ်လာ ၆၅၀-၇၀၀ ကြား၊ ဆန်ကွဲတစ် တန်လျှင် အမေရိကန်ဒေါ်လာ  ၄၅၀-၅၀၀ ကြား ရရှိကြောင်းသိရသည်။

Source: မကွေးဂျာနယ်

Category: Local News