ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးမြွေထိုးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ငါးမြွေထိုးများကိုဝယ်ယူပြီး စနစ်တကျသန့်စင်ကာ တင်ပို့ရောင်းချခဲ့ရာ ဇန်နဝါရီလအတွင်းက ငါးမြွေထိုးပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ငါးမြွေထိုးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မော်လမြိုင်ကျွန်းမြို့နယ်က ရေထွက်ကုန်တွေကို လစဉ်တင်ပို့ရောင်းချနေပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးမြွေထိုးတွေတင်ပို့ရောင်းချအား ကောင်းခဲ့ပါတယ်။ တစ်လအတွင်း ငါးမြွေထိုးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်က ငါးတွေကိုမှာယူအားကောင်းနေလို့ ငါးလုပ်ငန်းနဲ့ဆက်စပ်သူတွေ အဆင်ပြေလာပါတယ်” ဟု မော်လမြိင်ကျွန်းမြို့နယ် ငါးများစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက် ငါးမြွေထိုးတစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ထိ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါဒေသမှငါးများ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် ငါးလုပ်ငန်းရှင်များ၊ ရေလုပ်သားများ အဆင်ပြေကြကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ