International News

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှု ၁၀ ​​နှစ် ပြည့် ကုဗမီတာ ၅၂ ဘီလီယံ ပို့လွှတ်ခဲ့

Last Updated:

     မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ပို့လွှတ်မှု စတင်ခဲ့ပြီး ယခု ၁၀ နှစ်တင်းတင်းပြည့်ချိန်တွင် သဘာဝဓာတ်ငွေ့  ၅၂ ဘီလီယံ ကုဗမီတာ (bcm) ခန့် ပို့လွှတ်ခဲ့သည်။ ရည်မှန်းထားသည့်အတိုင်း ပြည့်ဝခဲ့သည်ဟု Global Times  က သတင်းဖော်ပြသည်။ သောကြာနေ့ ဇူလိုင်လ ၂၈ ရက်တွင် ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သော မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းသည့် နည်းလမ်း အမျိုးမျိုးထဲမှ တစ်ခုဖြစ်သည်။ 

     မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှပေးပို့သော ဓာတ်ငွေ့ကို တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍနှင့် စတီးကဏ္ဍတို့တွင် အဓိကအားဖြင့် သုံးစွဲလျက်ရှိသည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကုမ္ပဏီနှစ်ခုမှ လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့မှာ  South-East Asia Crude Oil Pipeline Co   နှင့်   South-East Asia Gas Pipeline Co တို့ ဖြစ်သည်။ China National Petroleum Corporation - CNPC သည် ၎င်းကုမ္ပဏီ အသီးသီးတွင် ၅၀.၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ 

     ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ  အစုရှယ်ယာရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုသည် ၁၆၅ ရာခိုင်နှုန်း ရှိခဲ့သည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်သည် အရှည် ၇၉၃ ကီလိုမီတာရှိပြီး နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅.၂ ဘီလီယံအထိ ပိူ့လွှတ်ပေးနိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ ရွှေလီမြို့သို့ ဆက်သွယ်ပေးထားသည်။

     မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် တရုတ်၊ မြန်မာ၊ တောင်ကိုရီးယားနှင့် အိန္ဒိယ လေးနိုင်ငံတို့မှ ကော်ပိုရေးရှင်း ခြောက်ခုတို့က ရင်းနှီးမြှုပ်နှံမှု ပြုထားကြသည်။ စီမံကိန်းကို  ၂၀၁၀ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်စမ်းသပ်ပို့လွှတ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် တရားဝင် စတင်ပို့လွှတ်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် တရားဝင် စတင်ခဲ့သည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ နှစ်စဉ် ပို့လွှတ်သည့် ပမာဏသည် တရုတ်နိုင်ငံ၏ ပိုက်လိုင်းဖြင့် စုစုပေါင်း သဘာဝဓာတ်ငွေ့ တင်သွင်းမှု၏ ၁၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ခန့်မှန်းထားသည်။

Soucre Global Times

https://www.industrialdirectory.com.mm

Category: International News