Local News

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး လက်ကျန်နည်းလာခြင်းကြောင့် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေ

Last Updated:

ရွှေမန်း

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ကျန်နည်းလာခြင်းကြောင့် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံက သိရသည်။ ပြည်တွင်းပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး လက်ကျန်နည်းလာခြင်းကြောင့် အမြင့်ဈေးများဖြင့်သာ အရောင်းအဝယ်ကောင်းနေပြီး အသစ်ဝင်နှမ်းမျိုးစုံမှာ တရုတ်ဝယ်လက်၏ ဝယ်လိုအားနှင့် နှမ်းထွက်ရှိမှုနည်းပါးခြင်းကြောင့် စံချိန်တင်ဈေးမြင့်တက်နေခြင်း ဖြစ်သည်။

ဩဂုတ်လကုန်ပိုင်းတွင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးမြင့်တက်နေရာမှ အနည်းငယ် ကျဆင်းသွားကြောင်း၊ အသစ်ဝင် နှမ်းဖြူများမှာ ဆက်လက်ဈေးမြင့်တက်နေရာ ဂျပန်နှမ်းဖြူတစ် အိတ်လျှင် ငွေကျပ် ၄၅၀ç၀၀၀ အထိ စံချိန်တင်ဈေးကောင်းလာကြောင်း စားအုန်းဆီဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း မြေပဲဆန်ဈေးမှာလည်းလိုက်ပါ ဈေးမြင့်တက်နေကြောင်း၊ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး ဖြင့် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။      

"ပြည်တွင်းသုံးကုလားပဲဈေး များဈေးပြန်အေးသွားပါတယ်၊ အသစ်ဝင်နှမ်းဖြူတွေကတော့ ဈေးဆက်ကောင်းနေပါတယ်၊ ရိုးရိုးနှမ်းဖြူတွေလည်း တစ်အိတ်လျှင် ငွေကျပ် လေးသိန်းကျော် ပေါက်ဈေးရှိပါတယ်၊ ပို့ကုန်ပဲ တီစိမ်းကတော့ ဈေးအေးနေဆဲပါ၊ တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ လောက် ပေါက်ဈေးရှိပါတယ်၊ မတ်ပဲလည်း ဈေးဆက်လက်မြင့် တက်နေပါတယ်၊ ပဲစင်းငုံကတော့ လက်ကျန်လည်း နည်းလာတော့ ဈေးကွက်ပျောက်နေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးတွေနဲ့အရောင်းအဝယ် တည်ငြိမ်နေပါတယ်၊ မြေပဲအနီလုံးဆန်ကတော့ လက်ကျန်နည်းလာလို့ တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်းကျော်အထိ ပေါက်ဈေးရှိလာပါ တယ်" ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၂၃ ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀  ပေါက်ဈေးဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ  ဩဂုတ်လ ၂၃ ရက်တွင်  ကုလားပဲ  V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၂၇၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၄၀၀၀၀၊ မြေပဲအနီလုံး  ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ်  ၁၀၄၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊  နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News