International News

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုလျော့ကျပြီး ဆန်ဈေးနှုန်းများမြင့်တက်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင်  လျော့နည်းမည်ဟု  ခန့်မှန်းမှုနှင့်အတူ  နိုဝင်ဘာလအတွင်း  ဆန်ဈေးနှုန်းများမှာ  ၂.၂%  မြင့်တက်ခဲ့သည်။  ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များ၌ နိုဝင်ဘာလတွင် ကောင်းမွန်စွာ ကြိတ်ဖွပ်ထားသောဆန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၄၇.၂၁ နှုန်းရှိပြီး အောက်တိုဘာလ၌ ဖြစ်ပေါ်ခဲ့သော ၁ ကီလိုဂရမ်လျှင် ပီဆို ၄၆.၂၀ နှုန်းထက် ပိုမိုကြောင်း ဖော်ပြခဲ့သည်။  ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ၁ ကီလို ဂရမ်လျှင် ၃၈.၃၅ ပီဆိုနှင့် နှိုင်းယှဉ်ပါက ဆန်စျေးနှုန်းသည် ၂၃.၉% မြင့်တက်ခဲ့သည်။

အလားတူ ပုံမှန်စက်ကြိတ်အဆင့်ဆန်၏ ပျမ်းမျှလက်လီဈေးနှုန်းမှာ အောက်တိုဘာလ၌ ၁ ကီလိုဂရမ်လျှင် ပီဆို ၄၂.၅၆ ရှိရာမှ နိုဝင်ဘာလတွင် ၄၃.၈၈ ပီဆိုသို့ မှတ်တမ်းတင် ရောက်ရှိခဲ့ရာ ၃.၁% မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင် အထူးနှင့်ပရီမီယံအဆင့် ဆန်များ၏ ပျမ်းမျှ စျေးနှုန်းမှာ အဆိုပါကာလအတွင်း ၁ ကီလိုဂရမ်လျှင် ၅၁.၇ ပီဆိုနှုန်းမှ ၁.၈% ပိုမိုလျက် ၅၂.၆၂ ပီဆိုနှုန်းသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ပရီမီယံဆန်၏ ပျမ်းမျှဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ပီဆို ၅၀.၆၂ မှ ပီဆို ၅၁.၃၃ သို့ ၁.၄% မြင့်တက်လာခဲ့သည်။

ပြည်တွင်းနှင့် နိုင်ငံတကာ၌ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်၌ တင်သွင်းသည့်ပမာဏ မတ်ထရစ်တန်ချိန် ၃.၈၂၆ သန်း၏ အောက်သို့ လျော့နည်းနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပမှ ဆန်တင်သွင်းမှု တန်ချိန် ၃.၀၃ သန်းရှိပြီး ယခင်နှစ် အလားတူကာလ တင်သွင်းခဲ့မှု တန်ချိန် ၃.၅ သန်း အပေါ် ၁၄% ခန့် ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက  ဖော်ပြခဲ့သည်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ပမှ ဆန်တန်ချိန် ၆၂၀၀၀၀ ခန့် ဝင်ရောက်ရန် ခန့်မှန်းထားရှိရာ ယခုနှစ် တစ်နှစ်တာ ဆန်တင်သွင်းမှုပမာဏသည် တန်ချိန် ၃.၆ သန်းဝန်းကျင်သို့ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တင်သွင်းခဲ့မှုမှာ တန်ချိန် ၂၉၉၇၁၄ တန်ဖြစ်ကြောင်း သိရှိရပါသည်။ Rizal Commercial Banking Corp ၏ အကြီးအကဲဖြစ်သူ စီးပွားရေးပညာရှင် Michael Ricafort က ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆန်ဈေးနှုန်းကြီးမြင့်မှုသည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု အဆင့်ကို တစ်နည်းနည်းဖြင့် လျော့ကျသွားစေကြောင်း ပြောကြားခဲ့သည်။

Source: Manila Times, 16 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News