International News

ဗီယက်နမ်ရော်ဘာ အမှတ်တံဆိပ်ဖြင့် ကုမ္ပဏီ ၂၁ ခုမှတင်ပို့လျက်ရှိ

Last Updated:

ဗီယက်နမ်ရော်ဘာလုပ်ငန်း ၂၁ ခုကို ကုန်သွယ်မှု အမှတ်တံဆိပ်ဖြစ်သည့် “ဗီယက်နမ် ရော်ဘာ” အမှတ်တံဆိပ်ဖြင့်  တရုတ်၊  အိန္ဒိယ၊  ထိုင်ဝမ် (တရုတ်)၊  လာအိုနှင့် က မ္ဘောဒီးယားတို့တွင်  မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်‌ပေးရေးအတွက် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။ ဗီယက်နမ် ရော်ဘာအဖွဲ့ (Vietnam Rubber Group-VRG) ၏ ဖော်ပြချက်အရ  အဆိုပါ ရော်ဘာလုပ်ငန်း ၂၁ ခု၏ စက်ရုံ ၃၃ ရုံမှ ထုတ်ကုန် ၉၆ မျိုးအထိ တင်ပို့နိုင်ခြင်းသည် ၎င်းတို့၏အမှတ်တံဆိပ်အပေါ် ယုံကြည်စိတ်ချရမှု တိုးမြင့်လာခြင်းကို သက်သေပြနေကြောင်း သိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ရော်ဘာတင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်အထိ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းအနက် ရော်ဘာထုတ်ကုန်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၃.၉ ဘီလီယံခန့် ပါဝင်ကြောင်း၊ သဘာဝရော်ဘာတန်ဖိုးမှာ ဒေါ်လာ ၂.၅ ဘီလီယံခန့်နှင့် ရော်ဘာသစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၁.၈ ဘီလီယံ ကျော်ရှိကြောင်း VRG ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Trần Ngọc Thuận က ပြောကြားပါသည်။

၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘာဝရော်ဘာထုတ်လုပ်မှုတန်ချိန် ၁၄.၉၂၇ သန်းခန့်ရှိနိုင်ကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၂.၃% ခန့် တိုးတက်လာနိုင်ကြောင်း၊ ရော်ဘာအသုံးပြုမှု အပိုင်းအနေဖြင့်လည်း တန်ချိန် ၁၅.၅၇၅ သန်းခန့်ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၀.၂% ခန့်တိုးတက်မှုရှိလာကြောင်း သဘာဝရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်း (ANRPC) က ခန့်မှန်းထားပါသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အစီရင်ခံဖော်ပြချက်အရ ဗီယက်နမ်ရော်ဘာအသင်းသည် “ဗီယက်နမ်ရော်ဘာ” အမှတ်တံဆိပ် တည်ထောင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းတစ်ခုကို ၂၀၁၅-၂၀၂၀ ကာလတွင် စတင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်ရော်ဘာ အမှတ်တံဆိပ်၏ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပြီး ဝယ်ယူသူ ဖောက်သည်များအကြား ယုံကြည်မှုကိုဖန်တီးရရှိစေမည့် မျှော်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Vietnam News, 19 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News