International News

အိန္ဒိယနိုင်ငံ၏ ပဲနီလေးအထွက် တိုးတက်ဖွယ်ရှိကြောင်း ကုန်သည်များပြောဆို

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ၌ ကုန်ဆုံးမည့် သီးနှံစိုက်ပျိုးရေးရာသီအတွင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ လလယ်ပိုင်းရှိ ပဲနီလေး စိုက်ဧကမှာ လျော့နည်းလျက်ရှိသော်လည်း ရာသီဥတုကောင်းမွန်သည့် အခြေအနေအရ အထွက်ပမာဏ တိုးတက်ဖွယ်ရှိကြောင်း သိရှိရသည်။ 

အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဈေးကွက်သတင်းထုတ်ပြန်ချက်တွင် အဓိက စိုက်ပျိုးရာ မဒ္ဒရာပရာ‌ဒေ့ရှ်နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်များ၌ နှစ်လိုဖွယ်ရှိသော ရာသီဥတု အခြေအနေအရ ရှေ့လာမည့်ကာလတွင် ပြည်တွင်း ပဲနီလေးထွက်ရှိမှုမှာ တိုးတက်မြင့်မားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြပါသည်။ ပဲနီလေး စိုက်ပျိုးရာတွင် ဒီဇင်ဘာလ - ဇန်နဝါရီလ ကာလသည် အပင်ကြီးထွားမှုအတွက် အရေးကြီးသည့် ကာလဖြစ်ပြီး အထွက်နှုန်းသည် လက်ခံစိုက်ပျိုးသည့်မြေ၏ အစိုဓာတ် ရရှိနိုင်မှုအပေါ် မူတည်လျက်ရှိသည်။ ရာသီဥတု ချို့ယွင်းမှုမရှိပါက ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၁၅.၅ သိန်းကိုကျော်လွန်ပြီး ယခုနှစ်၌ ပဲနီလေး တန်ချိန် ၁၆.၅ သိန်းမှ ၁၇ သိန်းခန့်အထိ ထွက်ရှိနိုင်မည်ဟု IPGA အသင်း၏ ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။

အဆိုပါအသင်းက ၁၅-၁၂-၂၀၂၃ နေ့၌ ကျင်းပခဲ့သော ဆောင်းသီးနှံစိုက်ပျိုးထွက်ရှိနိုင်မှု အလားအလာဆိုင်ရာ webinar ဆွေးနွေးပွဲတွင် Viterra India ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Manek Gupta က လက်ရှိပဲနီလေးစိုက်ပျိုးလျက်ရှိသည့် နေရာဒေသအများစုတွင် သီးနှံ၏ အခြေအနေမှာ ကောင်းမွန်မှုရှိပြီး ယခုနှစ်၌ ပဲနီလေး အထွက်ပမာဏသည် ၅% မှ ၁၀% အထိ တိုးတက်ဖွယ်ရှိကြောင်း၊ ပဲနီလေးစိုက်ပျိုးမှုဧရိယာသည် ယခင်နှစ်ကနည်းတူ ဟက်တာ ၁၈.၅ သိန်းမှ ၁၉ သိန်းအတွင်းရှိမည်ဟု မျှော်မှန်းရကြောင်း၊ အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူပေးမည့် ပဲနီလေး၏ အခြေခံ ရည်ညွှန်းဈေးနှုန်းကို ယခင်နှစ်ကထက် ၁၀% တိုးမြှင့် သတ်မှတ်ပေးခဲ့ရာ လယ်သမားများအနေဖြင့် ပိုမိုစိုက်ပျိုးဖွယ်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ပဲနီလေးတန်ချိန် ၁၆.၅ သိန်းခန့် ထွက်ရှိမည် ဟု ခန့်မှန်းထားကြောင်းဖြင့် ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ပဲနီလေး စိုက်ဧရိယာ ဟက်တာပေါင်း ၁၆.၇၅ သိန်း စိုက်ပျိုးပြီးစီးခဲ့ရာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်မှု ဟက်တာ ၁၆.၈၄ သိန်းအောက် အနည်းငယ် လျော့နည်းလျက်ရှိသည်။ ယခင်နှစ်အတွက် ပဲနီလေး အခြေခံရည်ညွှန်းဈေးနှုန်းမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၆၀၀၀ နှုန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ် ဆောင်းသီးနှံရာသီမှ စိုက်ပျိုးထွက်ရှိမည့် ပဲနီလေး များအတွက် အခြေခံရည်ညွှန်းဈေးနှုန်းကို ၆၄၂၅ ရူပီးသို့ အစိုးရက တိုးမြှင့်ပေးခဲ့သည်။ လက်ရှိကာလတွင် ဈေးကွက်အတွင်း ပဲနီလေး ၁ ကွင်တယ်လျှင် ရူပီး ၅၈၀၀ မှ ၅၉၀၀ အတွင်း ရောင်းဝယ်လျက်ရှိသည်။ ပဲနီလေးစိုက်ပျိုးမှုသည် ၃.၅ လခန့်ကြာမြင့်သဖြင့် ရိတ်သိမ်းထွက်ရှိမည့် ကာလမတိုင်မီ ဈေးနှုန်းများပြောင်းလဲမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း Gupta က ပြောဆိုသည်။

အစိုးရသည် ဈေးကွက်အတွင်းမှ ပဲနီလေးတန်ချိန် ၅ သိန်းခန့်ကို ဝယ်ယူထားပြီးဖြစ်ရာ အစိုးရ၏ လက်ဝယ်၌ အရန်ပဲနီလေးလက်ကျန်ပမာဏသည် တန်ချိန် ၆.၅ သိန်းခန့်ရှိနိုင်ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံပြည်တွင်း ပဲနီလေးဈေးကွက်တွင် ရောင်းလိုအားနှင့် ဈေးနှုန်းရှုထောင့်အရ ကြည့်လျှင် အစိုးရသည် အရေးပါသည့်ကဏ္ဍတွင်ရှိပြီး ယခင်နှစ်၌ လယ်သမားများထံမှ တန်ချိန် ၁.၅ သိန်းခန့်ကို ဝယ်ယူခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းခဲ့ပါက ဈေးနှုန်းမည်မျှ ကျဆင်းမှုရှိသည်ကို မူတည်၍ ဝယ်ယူလိမ့်မည်ဖြစ်ကြောင်း Gupta က ဆက်လက်ပြောကြားခဲ့သည်။

IGrain India မှ Rahul Chauhan က ပဲနီလေးစိုက်ပျိုးထားရှိမှုမှာ ကောင်းမွန်မှုရှိပြီး လက်ရှိစိုက်ပျိုးထားရှိမှုမှ တန်ချိန် ၁၄ သိန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ပြည်ပမှ ပဲနီလေးပမာဏ အမြောက် အများ တင်သွင်းမှုနှင့် ယခင်နှစ် အထွက်ပမာဏ ကောင်းမွန်မှုတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း ပြောဆိုသည်။ IPGA အသင်း၏ ဥက္ကဋ္ဌ Bimal Kothari ကလည်း အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပဲနီလေးတန်ချိန် ၁ သန်းကျော် တင်သွင်းခဲ့ကြောင်း၊ ပြည်တွင်း၌ လစဉ်စားသုံးမှုမှာ တန်ချိန် ၂ သိန်းခန့်ရှိသဖြင့် ပဲနီလေး ရောင်းလိုအားအပိုင်းမှာ သက်သာမှုရှိခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။

Source: The Hindu Business Line, 18 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News