Local News

မြန်မာနိုင်ငံမှ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရ

Last Updated:

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံသို့ နှစ်စဉ် တန်ချိန် ၂၀၀ ခန့်တင်ပို့နေရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူးမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။ အဆိုပါ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ နှစ်စဉ် တန်ချိန် ၁၀၀ ခန့်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ထံမှ သိရသည်။

“ပျားရည်ထုတ်လုပ်တဲ့အခါ ပျားအုံတွေမှာ ပျားရည်ပြည့်မပြည့်၊ ပျားရည်ထုတ်လုပ်မှုအချိန်ရောက်မရောက် ပျားမွေးမြူရေးပညာရှင်တွေကို ပျားမွေးမြူသူတွေဆီ စေလွှတ်ပြီးတော့ စစ်ဆေးပေးပါတယ်။ ပြီးရင် ပျားသလက်တွေ ထုတ်ယူပြီးတော့ ပျားလပို့ပေါ်မှာပိတ်နေတဲ့ ဖယောင်းတွေကိုခွာပြီး အပေါက်ဖွင့်ပေးပါတယ်။ ပြီးရင်ပျားရည်ထုတ်စက်ထဲ ပျားသလက်ချပ်တွေကို ထည့်လိုက်ပြီးတော့ သန့်ရှင်းတဲ့ပျားရည်ကို ထုတ်ယူပါတယ်။ ပျားရည်ထုတ်တာကိုလဲ ပျားမွေးမြူသူတွေကို သင်တန်းတွေပေးနေပါတယ်။ ဒီထက်ပိုပြီး အရည်အသွေးပြည့်ဝတဲ့ ပျားရည်တွေထုတ်နိုင်ဖို့ကလဲ ပညာပေးဆောင်ရွက်နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်က ပြောပြသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိကဒေသဖြစ်သည့် မကွေးတိုင်းဒေဿကြီးအတွင်း မြို့နယ်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃၀၀၀ ကျော်ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဆီးပျားရည်က ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်က ၁၀ ရာခိုင်နှုန်းထွက်ရှိပြီး ပြည်ပတင်ပို့တွင် နေကြာပျားရည်က ဈေးနှုန်းအများဆုံးရရှိကြောင်း၊ ပြည်ပတင်ပို့မှုအနေဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်) မှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News