Local News

အထက်အညာဒေသများမှ စတင်ထွက်ရှိလာသည့် အထွက်တိုးပြောင်း (ရွှေနီပြောင်း) များ မန္တ‌လေးဈေးကွက်၌ အရောင်းအဝယ်ကောင်း

Last Updated:

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း ဆောင်ရာသီကာလတွင် အထက်အညာဒေသများမှ စတင်ထွက်ရှိလာသည့် အထွက်တိုးပြောင်း(ရွှေနီပြောင်း)များ မန္တလေးဈေးကွက်သို့ စတင်ဝင်‌ရောက်လာကာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးကုန်သည်များထံမှ သိရသည်။

အဆိုပါ အထွက်တိုး(ရွှေနီပြောင်း)မှာ နှံစားပြောင်းအုပ်စုတွင်ပါဝင်ပြီး ဆေးဝါးနှင့် အရက်ချက်လုပ်ရာတွင် အသုံးပြုသည့် သီးနှံတစ်ခုဖြစ်ခြင်းကြောင့် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများကပါ ဝယ်ယူမှုများပြားသည့်အပြင် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သည့်အတွက် အထွက်နှုန်းကောင်းမွန်ကာ လက်ရှိဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ ပေါက်ဈေးဖြင့်ရပ်တည်နေကာ ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြသည်။

“အထွက်တိုးပြောင်းကတော့ နှံစားသီးနှံအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နိုင်ငံခြားကလာတဲ့မျိုးလည်း ဖြစ်ပါတယ်။ အနှံကနေထွက်ရှိတဲ့ သီးနှံဖြစ်ပါတယ်။ အထက်အညာဒေသတွေမှာ အခင်းအနေနဲ့ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်ပါတယ်။ ရာသီဥတုဒဏ်လည်း ခံနိုင်တာကြောင့် အညာဒေသနဲ့သင့်တော်တဲ့မျိုးဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံဒေသတွေမှာ လီရှောအရက်ချက်လုပ်ဖို့အတွက် အဓိကဝယ်ယူကြသလို နှစ်စဉ်လိုလို တရုတ်နိုင်ငံကလည်း အခုလိုဆောင်းရာသီမှာ ရာသီဥတုဒဏ်ခံနိုင်ဖို့ ဒီပြောင်းနဲ့အရက်ထုတ်လုပ်ဖို့ ဝယ်ယူကြတာပါ။ ဒီလိုဝယ်ယူနေတာကြောင့် ဈေးနှုန်းတွေမြင့်တက်နေကာ အ‌ရောင်းအဝယ်တွေ ကောင်းမွန်နေပါတယ်။ အထွက်တိုးပြောင်းက တစ်နှစ်ကို တစ်ရာသီပဲ အများဆုံးစိုက်ပျိုးကြပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်းသို့ အဆိုပါ အထွက်တိုး(ရွှေနီပြောင်း)ကို ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ တောင်သာ၊ မြင်းခြံနှင့် မုံရွာစသည့်ဒေသများမှ ဝင်ရောက်လျက်ရှိပြီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ ပေါက်ဈေးဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ အဆိုပါ အထွက်တိုး(ရွှေနီပြောင်း)ကို ဇွန်၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်ထွက်ရှိကြောင်းနှင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲရန်မလိုသည့်အတွက် စိုက်ပျိုးစရိတ်အသက်သာဆုံးနှံစားပင်ဖြစ်ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News