International News

၂၀၂၃ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၉ % ကျဆင်းခဲ့

Last Updated:

ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (United Nations Conference on Trade and Development-UNCTAD) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများစောင့်ကြည့်ခြင်းအစီရင်ခံစာ (Global Investment Trend Monitor) အရ ၂၀၂၃ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၉ % (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၁ ဘီလီယံ) ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းများအနက် အာရှရှိဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၂ % ဖြင့် အများဆုံးဖြစ်ပြီး အာဖရိက၊ လက်တင် အမေရိကနှင့်ကာရေဘီယံတို့ရှိ ဖွံဖြိုးဆဲနိုင်ငံများတွင် အနည်းနှင့်အများတည်ငြိမ်ခဲ့ကြောင်း၊ ကမ္ဘာနှင့်အဝန်း ရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့ခြင်းနှင့် စီးပွားရေးအရ မသေချာမရေရာမှုများက ယင်းသို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အစပိုင်းက ဥရောပနိုင်ငံအချို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၃ % (တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၃၇ ထရီလီယန်ခန့်) တက်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံများကို ဖယ်ထုတ်လိုက်ပါက ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု သည် ၂၀၂၃ ခုနှစ်အတွင်း ၁၈ % ခန့် ကျဆင်းသည်ဟုဆိုနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

အာရှတိုက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၃ ခုနှစ်တွင် သိသာစွာကျဆင်းခဲ့သည်ဆိုသော်လည်း အာရှသည် လုပ်ငန်းအသစ်များအတွက် စွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်ဆဲဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၆ % ကျဆင်းခဲ့သည်ဆိုသော်လည်း လုပ်ငန်းအသစ်များတွင် ၈ % တိုးတက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၄၇% ကျဆင်းခဲ့သော်လည်း လုပ်ငန်းအသစ်များလုပ်ကိုင်ရန် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ၅ နိုင်ငံတွင် ပါဝင်ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် တိုးတက်ခဲ့သော အာဆီယံသည် ၁၆ % ကျဆင်းခဲ့သော်လည်း ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့တွင် လုပ်ငန်းအသစ်များ ရင်းနှီးမြှုပ်နှံမှုသည် ၃၇ % ထိ တက်ခဲ့ကြောင်း၊ ယူအေအီးနိုင်ငံတွင် လုပ်ငန်းသစ်ရင်းနှီးမြှုပ်နှံမှု ၂၈ % တိုးတက်ခဲ့မှုကြောင့် အာရှ အနောက်ပိုင်းသည် ၂ % ဖြင့် တည်ငြိမ်ခဲ့ကြောင်း၊ ဆော်ဒီအာရေဗျတွင် လုပ်ငန်းသစ်ရင်းနှီး မြှုပ်နှံမှု ၆၃ % တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အာဖရိကတိုက်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ ခုနှစ်အတွင်း ၁ % တန်ဖိုး အမေရိကန် ဒေါ်လာ ၄၈ ဘီလီယံကျဆင်းခဲ့ပြီး မော်ရော်ကို၊ ကင်ညာနှင့် နိုင်ဂျီးရီးယားနိုင်ငံများတွင် လုပ်ငန်းသစ်ရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့ကြောင်းထုတ်ပြန်ခဲ့ပါသည်။ သို့သော် စီမံကိန်းငွေကြေး သဘောတူညီချက်များတွင် သုံးပုံတစ်ပုံလျှော့ချခဲ့မှုများကြောင့် နောင်တွင်အခြေခံအဆောက်အဦများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

လက်တင်အမေရိကနိုင်ငံများအနက် ဘရာဇီးနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၂ % ကျဆင်းပြီး မက္ကဆီကိုနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၁ % တိုးတက်ခဲ့သည်။

အစီရင်ခံစာက ၂၀၂၄ ခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အနည်းငယ်သာ တိုးတက်ဖွယ်ရှိပြီး ငွေကြေးဖောင်းပွမှုနှင့် အဓိကဈေးကွက်များတွင် ချေးငွေစရိတ်စကများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များတွင် ငွေကြေးဆိုင်ရာ အခြေအနေများသည် တည်တံ့နိုင်ကြောင်း၊ သို့သော် ပထဝီနိုင်ငံရေးအခြေအနေများ၊ နိုင်ငံအများစု၏ ကြွေးမြီပြသနာများနှင့် ကမ္ဘာ့စီးပွားရေးအပိုင်းလိုက် ကွဲသွားနိုင်သည်ဟု ခန့်မှန်းချက်များကြောင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အခြေအနေများသည် ဝေဝါးနိုင်ကြောင်း သုံးသပ်ထားပါသည်။

Source: UNCTAD    

Source: https://commerce.gov.mm

Category: International News