Local News

ပုသိမ်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ထောပတ်ပဲအိတ်ရေ ၂၀၀၀ ထိ တင်ပို့နေရ

Last Updated:

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ထောပတ်ပဲသုံးတင်းဝင်အိတ်ရေ ၂၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း ပုသိမ်မြို့မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သင်းသင်းလှိုင်က ပြောပြ၍ သိရသည်။

          ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလက တစ်ရက်လျှင် ထောပတ်ပဲ သုံးတင်းဝင်အိတ်ရေ ၁၂၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး မေလ ၁ ရက်မှ ယနေ့(မေ ၂၈) ရက်ထိ ထောပတ်ပဲ သုံးတင်းဝင်အိတ်ရေ ၂၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း၊ အဆိုပါ ထောပတ်ပဲများ တင်ပို့ရောင်းအားရရှိနေခြင်းသည် အခြားဒေသများက ရန်ကုန်မြို့သို့ ပဲလက်ကျန်များ အဝင်နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

          “ပြည်တွင်း၊ ပြည်ပဈေးကွက်မှာ ထောပတ်ပဲတွေ ဝယ်လိုအားကောင်းနေတယ်။ ပြည်ပဈေးကွက်ကို ပြန်တင်ပို့နေရလို့ ဝယ်လိုအားကောင်းလာတာပါ။ သိသိသာသာဝယ်လိုအား ကောင်းလာတာပါ။ လက်ကျန်ပဲတောင် သိပ်မရှိတော့ဘူး။ ဒီလမှာတော့ ဝယ်လိုအား ကောင်းလာတဲ့အပြင် ဈေးပါကောင်းလာပါတယ်။ လက်ရှိမှာ ထောပတ်ပဲကို စိုက်ပျိုး သိုလှောင်ထားတဲ့ ကုန်သည်တွေ ဈေးကောင်းရရှိနေပါတယ်။ ကျွန်တော်တို့ ကုန်သည်တွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေရဲ့ ခန့်မှန်းချက်အရဆို ပဲဈေးကကျသွားဖို့မရှိပါဘူး။ ဝယ်လိုအားကလည်း အခုထက်ပိုကောင်းလာဖို့သာ ရှိပါတယ်”ဟု ပုသိမ်မြို့မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်သင်းသင်းလှိုင်က ပြောပြသည်။

          ပုသိမ်မြို့မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ဒေသထွက်ပဲများကို ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေရာ ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ထောပတ်ပဲများကို ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ ကျိုက်လက်မြို့နယ်၊ ဝါးခယ်မမြို့နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News