Local News

မြန်မာ့ကော်ဖီစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကော်ဖီဇုန် သုံးဇုန်ခွဲ၍ ကော်ဖီဧက သုံးသိန်း စိုက်ပျိုးရန်စီစဉ်

Last Updated:

မြန်မာ့ကော်ဖီ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကော်ဖီဇုန် သုံးဇုန်ခွဲ၍ ကော်ဖီစိုက်ဧက သုံးသိန်းထိစိုက်ပျိုးသွားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသည့် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင်ပါဝင်ပြီး နိုင်ငံတကာကော်ဖီဈေးကွက်တွင် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိနေသည့် ကော်ဖီများသည် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးဧက ၄၉၀၀၀ ကျော်သာရှိနေပြီး အဆိုပါကော်ဖီစိုက်ပျိုးဧကမှာ မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကော်ဖီပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီလုပ်ငန်းလုပ်ကိုင်လိုသူများကိုဖိတ်ခေါ်ကာ အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကော်ဖီဇုန်သုံးဇုန်ခွဲ၍ ကော်ဖီဧက သုံးသိန်းထိ တိုးချဲ့စိုက်ပျိုးသွားရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အတူ ကော်ဖီလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပေးမည့်အခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ အခြောက်ခံလုပ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ စက်ကိရိယာအသုံးချမှု စသည့်လုပ်ငန်းစဉ်တစ်လျှောက် ကော်ဖီလုပ်ငန်းနည်းပညာဆိုင်ရာ မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း နာမည်ကျော်မည့် ကော်ဖီအမှတ်တံဆိပ်မျိုး ဖြစ်လာစေရေးပျိုးထောင်မှုများကိုလည်း ဆောင်ရွက်ပေးရန်စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တွင် ဧက ၂၇၀၀၀ ဖြင့် အများဆုံး၊ ကရင်ပြည်နယ်တွင် ၁၀၀၂၉ ဧကဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဧက ၅၀၀၀ ကျော်ဖြင့် တတိယအများဆုံး စိုက်ပျိုးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတင်းများအရ သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News