Local News

ကျောက်ဆည်ခရိုင်တွင် ဆောင်းငရုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်း၌စပါးကိုအဓိကထား စိုက်ပျိုးကြသည့်အပြင် နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငရုတ် စသည့်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း ဆောင်းငရုတ်သီးနှံ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၂၁၀၈ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၇၁၃ ဧက၊ မြစ်သားမြို့နယ်တွင် ၂၉၈၉ ဧက၊ စုစုပေါင်း ၅၈၁၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

ဆောင်းငရုတ်သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် စတင်ခူးဆွတ်ရကြောင်း၊ ငရုတ်မျိုးအနေဖြင့် ပိုးမွှားဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းမွန်သော သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂ မျိုးများကို စိုက်ပျိုးကြသည့်အနက် တောင်သူများအနေဖြင့် ၆၉၂ မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊ ဆောင်းငရုတ် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း ၁,၂၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် ငရုတ်သီးနှံများထွက်ပေါ်ခြင်း မရှိသေးသော်လည်း အဖူးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ ငရုတ်သီးပေါ်ချိန်တွင် စျေးနှုန်းနှင့်အထွက်နှုန်း ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News