Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Last Updated:

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့  နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင်ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် တမျိုးသားလုံး ပညာရည်မြင့်မားရေးကို အမျိုးသားရေး မျှော်မှန်းချက်ချမှတ်ပြီး ခေတ်နှင့်လျော်ညီသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို စီမံကိန်းချမှတ်၍ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း နိုင်ငံတော်အစိုးရမူဝါဒနှင့်အညီ မိမိဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးနှင့် အထောက်အပံ့ဖြစ်စေရေးအတွက် ပညာသင်ထောက်ပံ့ကြေးကို နှစ်စဉ်တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း မိမိတို့၏သား/သမီးများ ပညာတတ် လူချွန်လူကောင်းများ ဖြစ်စေရေးအတွက် အလေးထားပြုစုပျိုးထောင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းသား/ သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများအား အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်၊   ဦးမင်းမင်းက မူပိုင်ခွင့် ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဝန်ထမ်း သား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများအား သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များသို့ အသီးသီးပေးအပ်ခဲ့ပါသည်။ ယခုနှစ် ပညာသင်နှစ်တွင် ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀၁) ဦးအတွက် ကျောင်းသုံး ဗလာစာအုပ် (၂၈၈) ဒါဇင်အပါအဝင် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် (၃၅,၁၆၅,၆၀ဝိ/-) တိတိအား ထောက်ပံ့ပေးခဲ့သည်။

        အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်နှင့် နယ်စခန်း အသီးအသီးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News