Local News

ပြည်ပဈေးကွက်တွင် ဈေးကွက်ကောင်းရရှိနေသော မြန်မာပိန်းရိုး

Last Updated:

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ Green Farm ကုမ္ပဏီသည် ဒေသထွက်ကုန် ပရဆေးကုန်ကြမ်းများ၊ ဒေသထွက်ပစ္စည်းများကို ပြည်ပဈေးကွက်ရရှိအောင် ဆောင်ရွက်၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသည်။ ယခု ပွင့်လင်းရာသီချိန် မတ်လတွင် ပျဉ်းမရွက်ခြောက်၊ ဆနွင်း၊ ပိန်းရိုးခြောက်စသည့် ဒေသထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့သို့ တင်ပို့နေသည်။ ပိန်းရိုး ခြောက်ကုန်ကြမ်းများကို ၂၀၂၃ နိုဝင်ဘာလမှ စတင်၍ တင်ပို့လာရာ ယခုအချိန်ထိ မှာယူသူ များပြားသောကြောင့် အများဆုံးတင်ပို့နေရသည်။

မြန်မာ့ရေမြေတွင် အလေ့ကျပေါက်နေကြသော ပိန်းပင်များသည် ပြည်ပဈေးကွက်တွင် ဈေးကွက်ခိုင်မာစွာရှိနေပါသည်။ ဒေသခံပြည်သူများသည် ပိန်းရိုးကို ဝက်စာအဖြစ်သာ အသုံးပြုလျက်ရှိကြသည်။ ဈေးကွက်ကောင်းရှိကဝယ်ယူ၍ ပြည်ပတင်ပို့ခြင်းများလည်း အနည်းငယ်ရှိကြောင်း သိရှိရသည်။

ပိန်းရိုးပင်များသည် ဆည်မြောင်းတာတမံဘေး အနိမ့်ပိုင်းနေရာများ၊ ရေမြောင်းများ၊ အင်းအိုင်များတွင် အလေ့ကျပေါက်နေသည့် အပင်မျိုးဖြစ်သည်။ လူတစ်ဦးသည် ပိန်းရိုးတစ်ရက် ခုတ်ပါက အစို ပိဿာအချိန် ၁၅၀ခန့် ရရှိကြောင်း၊ အစို ပိဿာ ၁၅၀ ကို အခြောက်လှမ်းပါက ၄၅ ပိဿာမှ ၄၈ ပိဿာအထိ ရရှိကြကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် မေလနောက်ဆုံးပတ်တွင် Myanmar Green Farm Co,LTD သည် ပိန်းရိုးအခြောက် တစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့်ဝယ်ယူပြီး ပြည်ပတင်ပို့ပါက တစ်ကီလိုဂရမ် ၆၅၀၀ ကျပ် တင်ပို့ရကြောင်း၊ မြန်မာ့ရေမြေတွင် အလေ့ကျပေါက်နေသော ပိန်းရိုးအခြောက်သည် ပြည်ပဈေးကွက်ကို အခိုင်အမာရရှိနေသောကြောင့် ပိန်းရိုးခုတ်သည့် ဒေသခံများလည်း အပိုဝင်ငွေ ရရှိနေကြကြောင်း Myanmar Green Farm Co,LTD တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။

Source: https://www.doca.gov.mm

Category: Local News