Local News

မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများအနက် မိုးမြေပဲသီးနှံကို ကျောက်ဆည်မြို့နယ်တွင် (၉၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၃၀) ဧက၊ မြစ်သားမြို့နယ်တွင် (၅၂၅) ဧက၊ စုစုပေါင်း (၆၄၈) ဧက စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။မိုးမြေပဲကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး မျိုးအနေဖြင့် တစ်ဧကလျှင် မြေပဲအတောင့် စိုက်ပျိုးပါက (၄) တင်းခန့်ကုန်ကြကြောင်း၊ အစေ့စိုက်ပျိုးပါက တစ်တင်းခွဲခန့် ကုန်ကျရာ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခနှင့် လုပ်သားခ စုစုပေါင်း (၃၅၀,၀၀၀-၄၀၀,၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

ယခုအချိန်တွင် မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၉-၅၀) တင်းခန့် ထွက်ရှိကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် (၃၀,၀၀၀) ကျပ်၊ မြေပဲဆန် ၁၄ ပိဿာပါတစ်တင်းလျှင် (၉၈,၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅,၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များ ရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက မြေပဲပင်မှထွက်ရှိသော မြေပဲရိုးနှင့် မြေပဲမှော်များကိုလည်း ကျွဲ၊ နွား အစာအဖြစ် အသုံးပြုရသောကြောင့် မြေပဲစိုက်တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News