ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငရုတ်သီးစိမ်းပိဿာချိန် ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငရုတ်သီးစိမ်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ဇန်နဝါရီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ညောင်တုန်းမြို့နယ်က ဒေသထွက်ငရုတ်သီးစိမ်းတွေက အရည်အသွေးကောင်းပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီး ငရုတ်သီးစိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိလာသော ငရုတ်သီးများ အရည်အသွေးကောင်းမွန်ကြောင်း၊ ထိုသို့ ငရုတ်သီးစိမ်းများ တင်ပို့ရောင်းချအားတက်လာခြင်း ငရုတ်သီးအရည်အသွေးကောင်းလာခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ဆက်လက်ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ