စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျေးရွာတစ်ရွာ၌ ပြောင်းသီးနှံများကို ၁၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ပြောင်းသီးနှံကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ၂ လကျော်အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီးအဖြူမျိုးများကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပြောင်းဖူး ၄၈၀၀-၅၀၀၀ ခန့် ထွက်ရှိကာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းအရောက် လာရောက်ဝယ်ယူမှုရှိသည့်အပြင် တောင်သူများက မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ