Local News

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ထင်းအစားထိုးလောင်စာတောင့်များ ပြုလုပ် ရောင်းချ

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု မြောင်ရှည် ကျေးရွာရှိ ဦးတင်လှ ပိုင်ဆိုင်သော ခြင်္သေ့မင်းဆန်စက်မှ ဆန်ကြိတ်ခွဲရာတွင်ထွက်ရှိသော စပါးခွံများအား စွန့်ပစ်ပစ္စည်းအဖြစ်မပြုလုပ်ဘဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ထင်းအစားထိုးလောင်စာတောင့်များ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

ထင်းအစားထိုး လောင်စာတောင့်ပြုလုပ်ရာတွင် ပထမဦးစွာ စပါးခွံကိုအမှုန့်ဖြစ်အောင် ကွိုင်နဲ့ အပူပေးစနစ်ဖြင့် စပါးခွံကို ဇလားထဲသို့ ထည့်၍ လွန်နှင့်ကြိတ်လိုက်လျှင် လောင်စာတောင့် တစ်ပေသာသာ အတောင့်လေးများထွက်ရှိလာပါသည်။ စပါးခွံတင်း(၅၀)ခန့် ထည့်ပြီးကြိတ်လျှင် လောင်စာတောင့် ၁၅၀ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းများရှိ မှာယူသူများထံသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်းချသောလောင်စာတောင့်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချပါသည်။

ထိုကြောင့် စပါးခွံများကိုစွန့်ပစ်စရာမလိုဘဲ လောင်စာတောင့်အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်၍ ရောင်းချခြင်းကြောင့် အမှိုက်ထဲမှ ငွေများရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

source: https://www.doca.gov.mm

Category: Local News