ဥရောပသမဂ္ဂ (EU) ၏ စက်မှုကဏ္ဍမြှင့်တင်ရေးဥပဒေ (Industrial Accelerator Act - IAA) သည် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အတားအဆီးနှင့် အဖွဲ့အစည်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါဥပဒေသည် ဘက်တ္ထရီ၊ လျှပ်စစ်ကား၊ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာနှင့် အရေးကြီး ကုန်ကြမ်းကဏ္ဍ စသည့် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်း ၄ ခု၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်မှုများစွာချမှတ်ထားကြောင်း၊ အစိုးရဝယ်ယူမှုများနှင့် အများပြည်သူထောက်ပံ့မှုဆိုင်ရာ မူဝါဒများတွင်လည်း အီးယူထုတ်ကုန်များကိုသာ ဦးစားပေးသည့်အချက်များ ပါဝင်နေကြောင်း တရုတ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေနှင့်ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်နှင့် စိုးရိမ်ပူပန်မှုများကို ဥရောပကော်မရှင်ထံသို့ သဘောထားမှတ်ချက်များအဖြစ် တရားဝင်ပေးပို့ခဲ့ကြောင်း၊ သဘောထားမှတ်ချက်တွင် တန်းတူဆက်ဆံရေး အခြေခံမူများဖြစ်သည့် MFN နှင့် National Treatment ကို ချိုးဖောက်ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများအပေါ် ခွဲခြားဆက်ဆံနေမှု၊ အီးယူ၏ စွမ်းအင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို နှေးကွေးစေမည့်အပြင် အီးယူစျေးကွက်အတွင်းရှိ တရားမျှတသော ယှဉ်ပြိုင်မှုကို ထိခိုက်စေမှုတို့ကို ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ အဆိုပါဥပဒေမှ ပြည်ပရင်းနှီးမြှုပ်နှံသူများအပေါ် ခွဲခြားဆက်ဆံသည့် သတ်မှတ်ချက်များ၊ ပြည်တွင်းဖြစ်ပစ္စည်းသုံးစွဲရန် ကန့်သတ်ချက်များ၊ မဖြစ်မနေလိုက်နာရမည့်မူပိုင်ခွင့်နှင့် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစိုးရဝယ်ယူရေး ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် တရုတ်နိုင်ငံက အီးယူကို တိုက်တွန်းထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဥပဒေပြဋ္ဌာန်းရေး လုပ်ငန်းစဉ်များကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး အီးယူနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အသင့်ရှိကြောင်း၊ အကယ်၍ အီးယူအနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားမှတ်ချက်များကို လျစ်လျူရှုကာ အဆိုပါဥပဒေကို ဆက်လက်အတည်ပြုပြဋ္ဌာန်းမည်ဆိုပါက တရုတ်ကုမ္ပဏီများ၏ တရားဝင်ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: https://commerce.gov.mm