ဗီယက်နမ်နိုင်ငံသည် အလယ်ပိုင်း Danang၊ Hue၊ Quang Nam နှင့် Quang Binh ပြည်နယ်များတွင် ဇန်နဝါရီ ၁ ရက်က ပထမဆုံးလာရောက်လည်ပတ်သူများအတွက် ကြိုဆိုသည့် အခမ်းအနားဖြင့် ၂၀၂၅ ခုနှစ် ခရီးသွားရာသီစတင်ခဲ့ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။
ဒါနန်းမြို့သို့ ခရီးသွားဧည့်သည် ၃၀၀၀ နီးပါး လေကြောင်းနှင့် ရေကြောင်း တို့ဖြင့် ရောက်ရှိ လာကြောင်း၊ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ပူးပေါင်း၍ မြို့တော်၏ခရီးသွားလုပ်ငန်းဦးစီးဌာနသည် ယဉ်ကျေးမှုဖျော်ဖြေပွဲများပါဝင်သည့် အခမ်းအနားကို ကျင်းပခဲ့ပြီး အမှတ်တရ အတွေ့အကြုံများပေးမည့် ဘောက်ချာ ၁,၀၀၀ ဖြန့်ဝေခဲ့ကြောင်း၊ ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံတကာ ခရီးသည်များအား နိုင်ငံတကာ လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် ရပ်နားပြီးနောက် Tien Sa ဆိပ်ကမ်းတွင် ဆိုက်ကပ်သည့် Holland America Line အပျော်စီးသင်္ဘော Noordam မှ ခရီးသည် ၂၀၀၀ နီးပါးကိုလည်း မြို့တော်က ကြိုဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
Hue မြို့တွင် ဟနွိုင်းမှ လာရောက်သည့်ခရီးသည် ၂၀၀ ကျော်အား Phu Bai အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း၊ ဗီယက်နမ် လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ ပြည်တွင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့သည် ပထမဆုံးခရီးသည် ၁၀ ဦးအား အသွားအပြန် လက်မှတ် ၄ စောင်၊ ပန်းများနှင့် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် Hue သည် ခရီးသွား ဧည့်သည် ၅ သန်းအထိ ဆွဲဆောင်ပြီး ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၁.၂ ထရီလီယံ ရရှိရန် ရည်မှန်း ထားကြောင်းသိရှိရပါသည်။
Quang Nam ခရိုင် ရှေးဟောင်းမြို့ Hoi An သို့လာရောက်လည်ပတ်သော အီတလီခရီးသွား ၁၈ ဦးအား ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း၊ အခမ်းအနားအပြီးတွင် အဖွဲ့သည် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ကြပြီး မြို့၏ ထင်ရှားသော အမွေအနှစ်နေရာများကို စူးစမ်းလေ့လာ ကြကြောင်း သိရှိရပါသည်။
Quang Binh ပြည်နယ်တွင် Dong Hoi လေဆိပ်သို့ ဗီယက်နမ်လေကြောင်းလိုင်းမှ ခရီးသည် ၈၀ ဦးအား အလားတူ အခမ်းအနားများဖြင့် ကြိုဆိုခဲ့ကြောင်း၊ အဆိုပါ ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၁၆၀,၀၀၀ အပါအဝင် ခရီးသွားဧည့်သည် ၅.၅ သန်း လာရောက်ရန် ရည်မှန်းထားပြီး ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ဗီယက်နမ်ဒေါင် ၆,၃၂၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)