အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အကြား လတ်တလောဖြစ်ပွားလျက်ရှိသော အကောက်ခွန်စစ်ပွဲကြောင့် အဆိုပါ နိုင်ငံများအပြင် အမေရိကန်ဆန် ကို ဝယ်ယူလျက်ရှိသော အခြားနိုင်ငံများသို့ ဆန်တင်ပို့နိုင်ရန် အခွင့်အလမ်းနှင့် အလားအလာများ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် မက္ကဆီကိုနိုင်ငံသို့ ဆန် ၆၃၈,၀၀၀ တန်နှင့် ကနေဒါနိုင်ငံသို့ ၂၅၀,၀၀၀ တန် (စုစုပေါင်းတန်ချိန် ၀.၉ သန်း) တင်ပို့လျက်ရှိရာ အဆိုပါ နိုင်ငံများမှ တန်ပြန် အကောက် ခွန်မြှင့်တင်မှုများကြောင့် အကျပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။ ၎င်းအနေဖြင့် အဆိုပါနိုင်ငံများအပြင် ဗဟို အမေရိကနှင့် တောင်အမေရိကနိုင်ငံများ၊ ဂျပန်နိုင်ငံ၊ ကာရစ်ဘီယံဒေသနှင့် ပင်လယ်ကွေ့ ဒေသများသို့လည်း ဆန်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဆန်ထုတ်လုပ်မှု တန်ချိန် ၁၃၈ သန်းအထိ ရှိခဲ့ပြီး၊ လက်ရှိတွင် ဆန်သိုလှောင်မှု ပမာဏ တန်ချိန် ၇၀ သန်းခန့် ပိုလျှံလျက်ရှိကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တွင် ဆန်ထုတ်လုပ်မှု တန်ချိန် ၁၅၀ သန်း၊ ပြည်တွင်းစားသုံးမှု တန်ချိန် ၉၀ သန်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဆန်တန်ချိန် ၄၀ သန်းခန့် ပိုလျှံဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ကမ္ဘာ့ဆန်ကုန်သွယ်ရေးပမာဏ တန်ချိန် ၅၅ သန်းမှ ၅၆ သန်း၏ ၄၀ ရာခိုင်နှုန်း (တန်ချိန် ၂၀ သန်း) ကို အိန္ဒိယမှ တင်ပို့လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိတွင် အာဖရိကဈေးကွက်သို့ စျေးနှုန်းချိုသာသော ပေါင်းဆန်နှင့် ဆန်ကြမ်းများကို အဓိကတင်ပို့လျက်ရှိသည့် အခြေအနေမှ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကဲ့သို့ အဆင့်မြင့်ဈေးကွက်များသို့ ပြောင်းလဲရန် တင်ပို့ရန် လိုအပ်ကြောင်း တီလန်ဂါနာပြည်နယ်စိုက်ပျိုးရေး တက္ကသိုလ် (Telangana State Agricultural University -PJTSAU)မှ ဆန်ဈေးကွက်ကျွမ်းကျင်သူ ပါမောက္ခ Jayashankar မှ အကြံပြုထားသည်။ အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်မူဝါဒသည် အိန္ဒိယနိုင်ငံအတွက် ဈေးကွက်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ ပြည်တွင်းဆန်ပိုလျှံမှုကို နိုင်ငံ တကာတွင် ငွေကြေးရှာနိုင်သည့် "ဝင်ငွေသီးနှံ" အဖြစ် အသုံးချရန် အရေးကြီးကြောင်း ၎င်းမှ ပြောကြား ခဲ့သည်။
အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့စဉ်က အမေရိကန်ပြည်ထောင်စုသည် ၂၀၂၃ မတ်လတွင် မက္ကဆီကိုနိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်းတင်ပို့ခဲ့ရာမှ ၂၀၂၄ မတ်လတွင် ဆန်တန်ချိန် ၇ ဒသမ ၃ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း Fitch Solutions ၏ BMI အစီရင်ခံစာအရ သိရသည်။ ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု မူဝါဒအပြောင်းအလဲမှတစ်ဆင့် အကျိုးအမြတ်ရရှိခဲ့ကြောင်း ကျွမ်းကျင်သူမှ ထောက်ပြ ပြောကြားခဲ့သည်။
ယခုအခါ အမေရိကန်ပြည်ထောင်စုသည် ကနေဒါ၊ မက္ကဆီကိုနှင့် အခြားတောင် အမေရိကနိုင်ငံ များသို့ ဆန် ၁ တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀ ကျော်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့် ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေပေါ်မူတည်၍ ဝယ်လိုအား-ရောင်းလိုအား ကွာဟချက်နှင့် ဈေးနှုန်းအရ အသာစီးရရှိနိုင်သည့် အခြေအနေဖြစ်ကြောင်း ကုန်သွယ်ရေးကျွမ်းကျင်သူမှ ပြောကြားခဲ့သည်။
သို့ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံအချို့ အကြား ဖြစ်ပွားလျက်ရှိသော အကောက်ခွန်အပြန်အလှန်တိုးမြှင့်လျက်ရှိသည့် အခြေအနေမှတစ်ဆင့် ဆန်ဈေးကွက်တွင် အခွင့်အလမ်းများပေါ်ပေါက်လာနိုင်သည့် အခြေအနေကို ကျွမ်းကျင်သူမှ သုံးသပ်ထား သည့်အချက်များကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Source: The Hindu Businessline, Indian rice likely to gain from US tariff war with Mexico, Canada, March 5, 2025.
စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့။